မော်လမြိုင် ၊ ဇူလိုင်(၃၀)
မွန်ပြည်နယ်မှာ ဆန်ချောအုပ်စုဝင် စပါးဈေးနှုန်း ဆက်လက်မြင့်တက်လာတဲ့အတွက်ကြောင့် ဆန်ချောဈေးနှုန်း အတက်ကြမ်းနေတယ်လို့ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ဆန်ချောအုပ်စုဝင် ပေါ်ဆန်ဟာ ဇူလိုင် ပထမအပတ်က တစ်အိတ်ကို ကျပ် ၅၅၀၀၀ သာ ပေါက်ဈေးရှိခဲ့ပေမယ့် ဇူလိုင် နောက်ဆုံးအပတ်မှာတော့ တစ်အိတ်ကို ကျပ် ၆၀၀၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက်လာတာပါ။ဆန်ဈေးနှုန်းဟာ လက်ကျန်စပါး နည်းပါးလာတာ စစ်တပ် အာဏာသိမ်းပြီးနောက် သယ်ယူပို့ဆောင်ရေးစရိတ် အပါအဝင် အထွေထွေကုန်ကျစရိတ် ကြီးမြင့်လာတဲ့အတွက် စံချိန်တင် ဈေးနှုန်း မြင့်တက်လာတာ ဖြစ်တယ်လို့ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦး ပြောပါတယ်။ဆန်ဈေးနှုန်း ဆက်လက်မြင့်တက်လာတဲ့အတွက် ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေသလို ဝယ်ယူစုဆောင်းသူလည်း မရှိလောက် နည်းပါးနေတာပါ။လက်ရှိမှာတော့ ပေါ်ဆန်စပါးဟာ တင်း ၁၀၀ ကို ကျပ် ၁၄ သိန်းကနေ ၁၈ သိန်းထိ ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေ အဆိုအရ ပြည်နယ်အတွင်းမှာ စပါးလက်ကျန် နည်းလာတာကြောင့် လာမယ့်အပတ်တွေအတွင်း ဆန်ဈေးနှုန်း ထပ်မံ မြင့်တက်လာနိုင်တယ်လို့ ဆိုကြပါတယ်။မွန်ပြည်နယ်ဟာ စပါးဧက ၇ သိန်းကျော် ရှိတဲ့ ပြည်နယ် တစ်ခု ဖြစ်ပြီး နှစ်စဉ် စပါးတန်ချိန် ၄ သိန်းကျော် ထွက်ရှိနေတာ ဖြစ်တာပါ။ ထွက်ရှိလာတဲ့ စပါးတွေကိုတော့ ကြိတ်ခွဲပြီးနောက် တိုင်းနဲ့ပြည်နယ်တချို့ကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်