ရန်ကုန် ၊ ဇူလိုင် (၃၀)
သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက သေဒဏ်စီရင်မှုတွေ ထပ်လုပ်လာမှာကို စိုးရိမ်မှုတွေ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ပြောပါတယ်။စစ်ကောင်စီဟာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း သေဒဏ်စီရင်လိုက်ပြီးလို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။ဒီလုပ်ရပ်ကြောင့် အကျဉ်းထောင်ထဲမှာ ကျန်ရှိနေတဲ့ သေဒဏ်ချမှတ်ခံထားရတဲ့သူတွေကို သေဒဏ်စီရင်မှုတွေ ထပ်လုပ်လာမှာကို နိုင်ငံတကာအသိုင်းအဝိုင်းအပါအဝင် မိသားစုဝင်တွေနဲ့ ပြည်သူတွေကြားမှာ စိုးရိမ်မှုတွေ ရှိနေတယ်လို့ AAPP အသင်း တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။“အခုလက်ရှိ အကျဉ်းထောင်ထဲမှာ ၇၆ ယောက်က သေဒဏ်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။ဒီလူတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့တွေကော၊ အားလုံးရော၊ နိုင်ငံတကာအဝန်းကနေရော စိုးရိမ်နေတာ ရှိပါတယ်။စစ်အုပ်စုက သူတို့ကို ဆန့်ကျင်တဲ့သူတွေကို ကိုဂျင်မီတို့ ကိုဇေယျာသော်တို့လိုမျိုးပဲ ဆက်ပြီးတော့ သတ်ဦးမလားဆိုဒါတော့ ကျွန်တော်တို့ စိုးရိမ်နေတာတော့ ရှိပါတယ်”လို့ သူက ဆိုပါတယ်။စစ်ကောင်စီကတော့ သေဒဏ်ချမှတ်ခံရသူတိုင်းကို သေဒဏ်စီရင်မှာ မဟုတ်ပေမယ့် ကျုးလွန်တဲ့အပြစ်တွေအပေါ် မူတည်ပြီး သေဒဏ်အကြိမ်ကြိမ်ကျသင့်တဲ့ အမှုတွေကိုတော့ တရားဥပဒေအတိုင်း ဆောင်ရွက်မယ်လို့ ဘီဘီစီသတင်းဌာနကို ဇူလိုင် ၂၈ ရက်နေ့မှာ ဖြေဆိုထားပါတယ်။ဝါရင့် ရှေ့နေကြီး ဦးကြီးမြင့်ကတော့ စစ်ခေါင်းဆောင်ဟာ သေဒဏ်စီရင်ပိုင်ခွင့် မရှိသလို သေဒဏ်စီရင်မှုတွေ ထပ်လုပ်မယ်ဆိုရင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂(၁) အရ လူသတ်မှုနဲ့ အပြစ်ပေးရမယ်လို့ ပြောပါတယ်။“တိုင်းတရားလွှတ်တော်ကို ၇ ရက်အတွင်း အယူခံတက်ရတယ်။အဲဒီကနေ ပြစ်ဒဏ်ကို တစ်သက်တစ်ကျွန်းပြောင်းနိုင်တယ်။ ထောင်ဒဏ် ၁၀ နှစ်ချနိုင်တယ်။ဥပဒေအရ ကျွတ်လွှတ် ပေးနိုင်တယ်။အဲဒီလို သေဒဏ်ကို ထပ်အတည်ပြုတယ်ဆိုရင်တော့ တရားလွှတ်တော်ချုပ်ကို ရက် ၆၀ အတွင်းကို တက်ရတယ်။ရာဇဝတ်ပြင်ဆင်မှုအဖြစ်နဲ့ ဒုတိယအယူခံ တက်ရတယ်။အဲဒီကနေ တစ်သက်တစ်ကျွန်း၊ ၁၀ နှစ် ပြောင်းနိုင်တယ်။ လွှတ်လည်း လွှတ်နိုင်တယ်”လို့ သူက ဆိုပါတယ်။နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ဇူလိုင် ၂၈ ရက်နေ့အထိ စာရင်းတွေအရ နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၇၆ ဦး ရှိတယ်လို့ ဆိုပါတယ်။အဲဒီထဲက သေဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ အယူခံ အောင်မြင်ခဲ့တဲ့အတွက် သေဒဏ်ကနေ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ် လျှော့ချခံခဲံရတယ်လို့ AAPP စာရင်းမှာ ဖော်ပြပါတယ်။ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လေးဦးကို စစ်ကောင်စီက သေဒဏ်စီရင်ခဲ့မှုအပေါ် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအပါအဝင် နိုင်ငံတကာ အစိုးရတွေနဲ့ အာဆီယံအထူးကိုယ်စားလှယ်တို့က ရှုတ်ချခဲ့ပြီး သေဒဏ်ချမှတ်ခံထားရသူတွေကို ထပ်ပြီး ကြိုးပေးကွပ်မျက်မှာကို စိုးရိမ်ပူပန်နေကြပါတယ်။
သတင်း – သံလွင်တိုင်းမ်