ပခုက္ကူ – ဇူလိုင်(၂၉)

မကွေးတိုင်း ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်အတွင်းမှာ စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်တာ တွေပြုလုပ်နေတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေပါလုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကာကွယ်ရေးတပ်တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပေါက်မြို့နယ် ကျားပစ်ကန်ရွာနဲ့ တောင်မြင့်ရွာတွေကို ပြီးခဲ့တဲ့ ဇူလိုင်လ(၂၈) ရက်နေ့က စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေပါလုပ်ဆောင်ခဲ့တာပါ။ “ကျားပစ်ကန်ရွာမှာ မီးရှို့ခံရတာတော်တော်များတယ်။ တောင်မြင့်ရွာကိုလည်းမီးရှို့ခံရတယ်။ ဒီနေ့(ဇူလိုင်လ ၂၉ရက်)လည်း တေင်မြင့်ရွာကိုထပ်ပြီးမီးရှို့နေပြန်ပြီ။” လို့ Young Revolution Front က ဗိုလ်နားပေါက်က သံလွင်တိုင်းမ်ကိုပြောပါတယ်။ စစ်ကောင်စီရဲ့ မီးရှို့ခံခဲ့ရတာကြောင့် ကျားပစ်ကန်ရွာက အိမ်ခြေ(၄၀) ကျော်မီးလောင်ပျက်စီးခဲ့ ပြီး တောင်မြင့်ရွာကိုတော့ မီးထပ်ရှို့တာတွေလုပ်ဆောင်နေတာကြောင့် လက်ရှိအခြေအနေကို မသိရသေးပါဘူး။ ဂန့်ဂေါခရိုင်ထီးလင်းမြို့နယ်နဲ့ ချင်းပြည်နယ်စပ်တဝိုက်ကိုလဲ စစ်ကောင်စီက မနေ့က ည(၁၂) နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ပါသေးတယ်။ ” ထီးလင်းနယ်မြောက်ပိုင်းကနေ jet fighter (ခန့်မှန်း) နှစ်စီးဖြတ်ပြီး တစ်မိနစ်ခန့်မှာ ပေါက်ကွဲသံ ကြီးတွေကြားရတယ်။နှစ်မိနစ်အတွင်း(၃)ချက်ခန့်ကြားရတယ်။နေရာအတိအကျမသိရသေးဘူးရမ်စည်းဘက်ဖြစ်မယ်ထင်တယ်။လေယာဉ်နဲ့ပစ်မပစ်တော့အတည်ပြုမရသေးဘူး။”လို့ ဒေသခံတစ်ဦးဖြစ်သူကိုဘကောင်းက သံလွင်တိုင်းမ်ကိုပြောပါတယ်။လေကြောင်းပစ်ခတ်မှုဖြစ်ပွားတယ်လို့ယူဆရတဲ့ အဲနေရာမှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိပဲ စစ်ကောင်စီက ဆက်တိုက် စစ်ကြောင်းထိုးတာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။ မကွေးတိုင်းအတွင်းက လောင်းရှည်၊ပေါက်၊ပခုက္ကူ၊မြိုင်၊ထီးလင်း၊ဂန့်ဂေါစတဲ့ ဒေသတွေကို စစ်ကောင်စီဘက်က အင်အားအလွန်အကျွံသုံးပြီးစစ်ကြောင်းထိုးနေတဲ့အတွက် ဒေသကာကွယ် ရေးတပ်တွေနဲ့ နေ့စဉ်ထိတွေတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ စစ်ကောင်စီတပ်ဟာ မကွေးတိုင်းထဲက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာတွေရှိနေသလို ပြည်သူပိုင်နေအိမ်(၄) ထောင်ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် စစ်ဘးရှောင်ဦးရေ (၅) သောင်ကျော် အထိရှိနေပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.