ကော့ကရိတ် ၊ ဇူလိုင်(၂၉)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာတယ်လို့ KNU က ထုတ်ပြန်ပါတယ်။ဇူလိုင် ၂၈ ရက်နေ့ မနက် ၆ နာရီအချိန်လောက်က ကော့ကရိတ်မြို့နယ် တောင်ဘက်ပိုင်းက မောင်းမသာယာကုန်းရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား နှစ်နာရီအကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီး အရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသအတွင်း သတင်းရင်းမြစ်ထံကနေ သိရပါတယ်။အဲဒီတိုက်ပွဲဖြစ်စဉ်အတွင်းမှာ စစ်ကောင်စီဘက်က ကော့ကရိတ်မြို့ ခလရ(၉၇)တပ်ထဲက လက်နက်ကြီးနဲ့ ကျေးရွာထဲကို ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ KNU တပ်မဟာ ၆ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒါ့အပြင် တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ဝေါ်လေဒေသအနီးက မြဝတီ-ဝေါ်လေ ကားလမ်းမအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင်(၂၇)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်ခန့်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ကို VENOM စစ်ကြောင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။ အဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က တပ်ခွဲမှူးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့ပြီး တပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ VENOM စစ်ကြောင်းက ထုတ်ပြန်ပါတယ်။ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား ဖြစ်ပွားခဲ့တဲ့စစ်ရေးပဋိပက္ခတွေကြောင့် လက်ရှိအချိန်ထိ ခရိုင်တစ်ခုလုံးမှာ စစ်ဘေးရှောင်နေရသူဦးရေဟာ (၆၀၀၀၀)ကျော်ထိ ရှိလာတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.