ရန်ကုန် ၊ ဇူလိုင် ၂၈

စစ်အာဏာရှင်စနစ် ကျရှူံး‌ရေးနဲ့ ဒီမိုကရေစီအရေး အသက်ပေးတိုက်ပွဲဝင်နေကြသူတွေအတွက် နည်းပညာ၊လက်နက်ခဲယမ်းနဲ့ ငွေကြေးတွေကို ထိရောက်စွာ ကူညီပံ့ပိုးပေးကြဖို့ နိုင်ငံတကာကို NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ဒီကနေ့ ဇူလိူင် ၂၈ ရက်နေ့ ညနေပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလရဲ့ အရေးပေါ်နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားစဉ် တတိုက်တွန်းတောင်းဆိုလိုက်တာပါ။ယာယီသမ္မတ ဒူဝါလရှီးလက‌တော့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို အဆက်အဆံ လုံးဝမလုပ်ဘဲ တစ်ညီတစ်ညွတ်ဆောင်ရွက်ဖို့နဲ့ရေနံသဘာဝဓာတ်ငွေ့ကနေ စစ်ကောင်စီရတဲ့ အခွန်ငွေကို တားဆီးဖို့ တောင်းဆိုခဲ့တာပါ။ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သာလျှင် တရားဝင်အစိုးရဖြစ်လို့ အသိအမှတ်ပြုဖို့ကိုလည်း တောင်းဆိုခဲ့ပါသေးတယ်။NUG နဲ့ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တွေ ဝန်ဆောင်မှုပေးနေတဲ့ အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ စစ်ပြေးဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှု၊ပညာရေး၊ကျန်းမာရေးတွေမှာ ငွေကြေးနဲ့ နည်းပညာ ကူညီထောက်ပံ့ဖို့ တိုက်တွန်းခဲ့တာပါ။အာဆီယံအနေနဲ့လည်း စစ်ကောင်စီကိုယ်စားလှယ်တွေကို လုံးဝမဖိတ်ကြားတော့ဘဲ ထိရောက်စွာ အရေးယူပေးကြဖို့နဲ့ မြန်မာ့အရေးဖြေရှင်းချက်မှာ ထိရောက်မှုမရှိတဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို ပြန်လည်သုံးသပ်ပြီး အာဏာရှင်ဖယ်ရှားနိုင်ရေးအတွက် ဆက်လက်ပံ့ပိုးပေးကြဖို့ တိုက်တွန်းထားပါတယ်။ဒီမိုကရေစီအရေးလှုပ်ရှားသူ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ကို စစ်ကောင်စီရဲ့ ရက်စက်သတ်ဖြတ်မှုကြောင့် နွေဦးတော်လှန်ရေးဟာ ကြောက်ရွံ့နောက်ဆုတ်သွားမှာ မဟုတ်ဘဲ ပိုမိုအရှိန်ပြင်းစွာ တောက်လောင်လာတော့မှာဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုခဲ့ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.