ပခုက္ကူ – ဇူလိုင်(၂၈)

မကွေးတိုင်း ပခုက္ကူမြို့နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့ဟာ လက်နက်ဝယ်ယူရေးကဏ္ဍမှာ အဓိက အသုံးပြုဖို့အတွက် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းတွေစတင်လုပ်ဆောင်နေပြီလို့ ဇူလိုင်လ(၂၇) ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စိုးမိုးနယ်မြေတွေမှာ စပါး၊ခရမ်းချဉ်၊ခရမ်းသီး၊ရုံးပတီသီး၊ ချဉ်ပေါင်ရွက်၊ကန်စွန်းရွက်၊ဘူးသီး၊ဖရုံသီးနဲ့ ငရုပ်သီးစတဲ့ သီနှံတွေကို စိုက်ပျိုးနေတာပါ။ “တော်လှန်ရေးကာလကလည်း ကြာလာတော့ လှူရ တန်းရတဲ့ ပြည်သူတွေကလည်း ပင်ပန်းလာ ပြီဆိုတော့တပ်ရဲ့ ရေရှည်ရပ်တည်ရေးအတွက် စပြီး စဉ်းစားတဲ့ သဘောပါပဲ။ တကယ်တော့ စိုက်ပျိုးမြေကလည်း ပြည်သူလှူထားတဲ့ မြေပါပဲ။မွေးမြူရေး အနေနဲ့က ဝက် အကောင် ၂၀ လောက် မွေးဖို့ စီစဉ်ထားတာရှိပေမယ့်စစ်ကြောင်းထိုးနေတော့ မမွေးနိုင်သေးတာ အခက်အခဲ ပေါ့။” လို့ ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါ တယ်။လက်ရှိလုပ်ကိုင်နေတဲ့ စိုက်ပျိုးမွေးမြူရေးထဲကနေ ရဲဘော်တွေရဲ့ နေ့စဉ်စားသောက်ဖို့နဲ့ ရောင်းဝယ်ဖောက်ကားနိုင်ခဲ့ရင် တပ်ရံပုံငွေ၊စစ်ရေးအသုံးစရိတ် အဖြစ်ပြန်သုံးနိုင်အောင်ထိ ရည်ရွယ်ထားတယ်လို့ သူကပြောပါသေးတယ်။ မကွေးတိုင်း ပခုက္ကူဒေသက မြိုင်မြို့နယ်တဝိုက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုး နေတဲ့အတွက် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြန်လည်ခုခံနေရတာတွေရှိနေတယ်လို့ သိရပါတယ်။ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကောက်ယူထားတဲ့စာရင်းတွေအရ ခရိုင်အတွင်းမှာ ကျေးရွာ(၅) ရွာမီးရှို့ဖျက်ဆီးခံထားရပြီး ပြည်သူ(၁၂၀၀) ကျော်ကို နေထိုင်စားသောက်ဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ပခုက္ကူကာကွယ်ရေးတပ်ဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.