နေပြည်တော် ၊ ဇူလိုင် (၂၆)

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်ပြီးနောက် ရုပ်အလောင်း ပြန်မပေးတာဟာ ထောင်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့သာ သက်ဆိုင်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ဇူလိုင် ၂၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ၁၈ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ပြောဆိုခဲ့တာပါ။ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်း ပြန်မပေးတာဟာ ထောင်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်းနဲ့ အကျဉ်းထောင်လက်စွဲဥပဒေအရ အထိကရုန်းနဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာနိုင်ရင် အကျဉ်းထောင်တွေရဲ့ စီရင်မှုအောက်မှာပဲ သင်္ဂြိုလ်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ဒါ့အပြင် အခုလို သေဒဏ်စီရင်ချက် ချမှတ်လိုက်တာဟာ မြန်မာနိုင်ငံအနေနဲ့ ICCPR Protocol လို့ ခေါ်တဲ့ နိုင်ငံသားနဲ့နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ်မှာ လက်မှတ်မရေးထိုးထားတဲ့အတွက် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။အာဏာသိမ်း စစ်ကောင်စီက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုသူရဇော်နဲ့ ကိလှမျိုးအောင် တို့ကို သေဒဏ် စီရင်ခဲ့ပြီး ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့မှာ ထုတ်ပြန်လာတာပါ။အဲဒီနောက်မှာတော့ မိသားစုဝင်တွေက သေဆုံးသူတွေရဲ့ ရုပ်အလောင်း ပြန်ပေးဖို့ သွားရောက် တောင်းဆိုခဲ့ပေမယ့် ထောင်အာဏာပိုင်တွေဘက်က ပြန်မထုတ်ပေးနိုင်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။စစ်ကောင်စီက ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားတွေကို သေဒဏ်စီရင်လိုက်တဲ့အပေါ် ကုလသမဂ္ဂအပါအဝင် ပြည်တွင်း၊ပြည်ပ အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချနေပါတယ်။သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.