ရန်ကုန် – ဇူလိုင်(၂၆)

ရန်ကုန်တိုင်းမင်္ဂလာတောင်ညွန့်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အဖွဲ့ဝင် တစ်ဦးကို ဖမ်းဆီးပြီး (၂၄) နာရီအတွင်း စစ်ကြောရေးမှာ အသတ်ခံလိုက်ရတယ်လို့ ရန်ကုန်တိုင်း NLD ပါတီဒုတိယဥက္ကဌ ဒေါက်တာဘိုင်အိုက သံလွင်တိုင်းမ် ကိုပြောပါတယ်။ လူမှုကူညီရေးသမားတစ်ဦးဖြစ်တဲ့ အသက်(၄၅) နှစ်အရွယ် ကိုလှထူးကို ဇူလိုင်လ(၂၄) ရက်နေ့ ည(၁၁) နာရီဝန်းကျင်မှာ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ဇူလိုင်လ(၂၅) ရက်နေ့မှာတော့ သေဆုံးသွားပြီဖြစ်တယ်လို့ မိသားစုကို စစ်တပ်က အကြောင်းကြားခဲ့တာပါ။ “ဖမ်းခေါ်သွားတာ(၂၄) နာရီတောင်မပြည့်သေးဘူး သတ်ပစ်လိုက်တယ်ဆိုတာမျိုးက မဖြစ်သင့် ပါဘူး။ သေဒဏ်ပေးခံရတဲ့ ကိစ္စနဲ့ တပြိုင်တည်းပဲ မရှေးမနှောင်းကြီးပဲဖြစ်တာပါ။ ကျွန်တော် တို့ရဲ့ ပါတီဝင်တွေနဲ့ မြို့နယ်အဆင့် တာဝန်ထမ်းဆောင်နေတဲ့ အမှုဆောင်တွေ တောင်လုံခြုံမှု မရှိတော့ဘူး။” လို့ ရန်ကုန်တိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဌ ဒေါက်တာဘိုင်အိုက ပြောပါတယ်။ ဒါ့အပြင်စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရသူတွေရဲ့ မိသားစုဝင်တွေကို ပါတီအမှု ဆောင်အဖွဲ့ဝင်တွေက ကူညီငွေအဖြစ် (၁၀) သိန်းလောက်အထိ ထောက်ပံ့ကူညီတာတွေ ရှိတယ် လို့ သူကပြောပါသေးတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့ ကိုလှထူး ကို နှလုံးရောဂါနဲ့ သေဆုံး သွားခဲ့တာ ဖြစ်တယ်လို့ မိသားစုကို အကြောင်းကြားခဲ့ပြီး ရုပ်အလောင်းကိုတော့ ထုတ်ပေးတာ မရှိခဲ့ပဲ စစ်ကောင်စီကမီးသင်္ဂျိုလ်လိုက်တယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ အနေနဲ့ ပါတီဝင်အားလုံးကို စဉ်ဆက်မပြတ် Zoom နဲ့ သင်တန်းတွေလုပ်ပေးပါ တယ်။ Digital လုံခြုံမှုသင်တန်း၊ နောက်တစ်ခုကတော့ စိတ်ဓာတ်စွမ်းအားအရ ခံနိုင်ရည်ရှိ အောင်ပေါ့နော် စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းတွေပေးပါတယ်” လို့ ဒေါက်တာဘိုင်အို ကသံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒါ့အပြင် ပါတီဝင်တွေဆက်သွယ်ချိန်တွေမှာ လျှို့ဝှက်ကုဒ်တွေနဲ့ သတင်း ပို့တာတွေရှိနေပြီး လုံခြုံရေးအတွက်နဲ့ အချိန်မှီတိန်းရှောင်နိုင်ဖို့ လုပ်ဆောင်မှုတွေရှိနေပြီး မိမိတို့ရဲ့ နေအိမ်တွေ မှာ မနေကြဖို့လိုအပ်နေပြီး NLD ပါတီဝင်ဖြစ်နေတဲ့အတွက်ကို အမြင်ကပ်နေတဲ့ ပုံစံမှာရှိတယ်လို့ သူက ပြောပါသေးတယ်။ ကိုလှထူးဆိုသူဟာ ဆိုဖာလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး မင်္ဂလာတောင်ညွန့်မီးရထားရပ်ကွက် မှာ နာရေးကူညီမှုအသင်း လူမှုကူညီရေးကိစ္စတွေနဲ့ လူချစ်လူခင်ပေါများသူဖြစ်တယ်လို့ သိရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် (၁၀၀၀) နီးပါးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဲ့ဒီထဲက အယောက်(၂၀၀) ကျော်ပြန်လွှတ်ပေးထားတယ်လို့ သိရပါတယ်။ သံလွင်တိုင်းမ် အနေနဲ့ စစ်ကောင်စီရဲ့ သတ်ဖြတ်ခံလိုက်ရတဲ့ ကိုလှထူးရဲ့ မိသားစုနဲ့ ဆက်သွယ် မေးမြန်းခွင့်ရဖို့ ကြိုးစားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

64564517 comments89 sharesLikeCommentShare

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.