Pegasus လို့ခေါ်တဲ့ လျှို့ဝှက်ဆော့ဖ်ဝဲလ်စနစ်နဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို ထိုင်းအစိုးရစောင့်ကြည့် 

ဘန်ကောက်- ဇူလိုင်(၂၀)

အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေချိန်မှာဒါဇင်နဲ့ ချီတဲ့ ထိုင်းဒီမိုကရေစီ အရေးလှုပ်ရှားသူတွေကို ပစ်မှတ်ထားခံခဲ့ရတယ်လို့ နိုင်ငံတကာ ဒစ်ဂျစ်တယ်အခွင့်အရေး အဖွဲ့ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ထိုင်နိုင်ငံမြို့တော်ဘန်ကောက်မှာ ကြီးမားတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး လူထောင်ပေါင်းများစွာဟာ အရပ်သားလွတ်လပ်ခွင့်တွေပိုမိုရရှိဖို့ တောင်းဆိုခဲ့သလို ဘုရင်စနစ် နဲ့ တင်းကြပ်ထားတဲ့ ဥပဒေတွေကို ဖြေလျှော့ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ 

ကနေဒါဆိုက်ဘာလုံခြုံရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ Citizen Lab ရဲ့ အစီရင်ခံစာမှာ ထိုင်းအစိုးရ အဖွဲ့ iLaw နဲ့ DigitalReach တို့ ပူးပေါင်းပြီး တက်ကြွလှုပ်ရှားသူ၊ပညာရှင်များ၊ ရှေ့နေများနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း(NGO) လုပ်သား(၃၀) လောက်ကို စောင့်ကြည့်ခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။ 

“ဆန္ဒပြမှုများသည် 2020 ခုနှစ် အောက်တိုဘာလမှ 2021 ခုနှစ် နိုဝင်ဘာလအထိ ဖြစ်ပွားခဲ့ပြီး၊ ကျယ်ပြန့်သော ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများနှင့် ဒီမိုကရေစီရေးလှုပ်ရှားမှုများတွင် အဓိကကျသော ပုဂ္ဂိုလ်များကို အဓိက ပစ်မှတ်ထားသည်” လို့  အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။  

အစ္စရေးကုမ္ပဏီ NSO Group က ဖန်တီးထားတဲ့ Pegasus ဆော့ဖ်ဝဲဟာ မိုဘိုင်း ကိရိယာတစ်ခု ထဲကို အောင်မြင်စွာ ရောက်ရှိပြီးတာနဲ့ ဒေတာတွေကို ထုတ်ယူနိုင်သလို ကင်မရာနဲ့ မိုက်ခရိုဖုန်း တွေကိုလည်း အသက်သွင်းနိုင်ပါတယ်။ 

NSO Group ကတော့ သူတို့အနေနဲ့ နည်းပညာကို အစိုးရကိုသာ ရောင်းချတယ်လို့ မှတ်ချက်ပြု ထားပေမယ့် အစီရင်ခံစာမှာတော့ Spyware အသုံးပြုမှုနောက်ကွယ်မှာ ဘယ်သူရှိနေတယ် အတိအကျ ပြောဆိုခဲ့တာမရှိပါဘူး။ 

ပစ်မှတ်ထားခံရသူတွေထဲမှာ Citizen Lab က ရှေ့နေအာဝွန်၊ဆန္ဒပြခေါင်းဆောင် ပန်နူဆာယာ နဲ့ တက်ကြွလှုပ်ရှားသူ ဂျာတူပတ်တို့ ပါဝင်ပါတယ်။ 

မစ္စပန်နူဆာယာဟာ လက်ရှိအချိန်မှာတော့ အာမခံနဲ့ လွတ်မြောက်နေပြီး တော်ဝင်အသရေဖျက်မှု စွဲချက်(၁၀) ခုနဲ့ ရင်ဆိုင်နေရကာ မစ္စတာ ဂျာတူပတ်ကတော့ ဘုရင်စနစ်ကို စော်ကားမှုနဲ့ ဒီနှစ် အစောပိုင်းကာလက အာမခံငြင်းပယ်ခံထားရပါတယ်။ 

နိုင်ငံတော်ကကျောထောက်နောက်ခံပြုတဲ့ တိုက်ခိုက်မှုတွေကြောင့် Apple က သူတို့ရဲ့ စက်ပစ္စည်းတွေကို ပစ်မှတ်ထားခံရတယ်လို့ အသိပေးချက်တစ်စောင်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလက တိုက်ခိုက်ခံရသူတွေကို ပေးပို့ခဲ့ပါတယ်။ 

“ဒီလိုပေါ်ထွက်လာတဲ့အခြေအနေတွေဟာ နိမ့်ကျတဲ့အာဏာပိုင်တွေက ငြိမ်းချမ်းတဲ့ သဘော ထားကွဲလွဲမှုတွေကို ဘယ်လောက်ထိ ထိန်းချုပ်ဖို့ ကြိုးစားလာတယ်ဆိုတဲ့ ထိတ်လန့်စရာ ဥပမာ တစ်ခုပါပဲ” လို့ နည်းပညာရှင် အန်တီယန်နီ က ပြောခဲ့ပါတယ်။ 

ဒီဖြစ်ရပ်ဟာ နိုင်ငံအစိုးရတစ်ရပ်ရဲ့ အတိုက်အခံတွေကို စောင့်ကြည့်ဖို့ အစ္စရေးဆော့ဖ်ဝဲကို အသုံးပြုခဲ့တဲ့ နောက်ဆုံးပေါ်ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ 

 Spyware ဟာ ကမ္ဘာတစ်ဝှမ်းက Iphone တွေကို ဝင်ရောက်အသုံးပြုခဲ့တယ်လို့ Apple က စွပ်စွဲထားကာ NSO Group ကိုလည်း အမေရိကန်ပြည်ထောင်စုမှာ တရားစွဲထားတယ်လို့ သိရပါတယ်။ 

Ref:The Straitstime

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.