မော်လမြိုင် ၊ ဇူလိုင် (၁၅)


အာဏာသိမ်း စစ်ကောင်စီက စက်သုံးဆီဈေးကွက်ကို ထိန်းချုပ်ထားပြီး နေ့စဉ်နဲ့အမျှ ရည်ညွှန်းဈေးနှုန်းတွေ ကန့်သတ်ထုတ်ပြန်နေတာကြောင့် အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။


စက်သုံးဆီဈေးနှုန်းတွေကို အရင်က တင်သွင်းမှုနဲ့ကုန်ကျစရိတ်အပေါ် မူတည်ပြီး စက်သုံးဆီဆိုင်တွေက ဈေးနှုန်းသတ်မှတ် ရောင်းချခဲ့ရာကနေ ပြီးခဲ့တဲ့ မေလ ဒုတိယအပတ်ကစပြီး စစ်ကောင်စီက နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားတဲ့ ဈေးနှုန်းအတိုင်း ရောင်းချနေရတာ ဖြစ်ပါတယ်။

 
ဒါကြောင့် မှာယူထားတဲ့ စက်သုံးဆီတွေ မရောက်ခင် ဈေးနှုန်းပြန်လည်ကျဆင်းလာတဲ့အတွက် အရှုံးနဲ့ရင်ဆိုင်နေရတာလို့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ကို ခွဲတမ်းချပေးတဲ့ရက်က ဈေးမြင့်နေပြီ၊ပစ္စည်းရောက်လာတဲ့အချိန်မှာ ရောင်းခိုင်းတဲ့ ဈေးကကျတော့ တစ်လီတာကို ၅၀ ၊ ၁၀၀ လောက် ဟနေတာပေါ့၊ အလိုလိုနေရင်း။ ကျတဲ့အနေအထားဆို ပိုသိရတယ်လေ၊ ပိုရှုံးတာပေါ့။ကျွန်တော်တို့က လက်ရှိသူတို့ချတဲ့ ပလန်အတိုင်းပဲ သွားရတယ်။သူတို့ပလန်အတိုင်း မသွားလို့ရှိရင် ဒဏ်ဆောင်ရမယ်၊ ပုဒ်မတွေက အများကြီးပေါ့၊ရေနံဥပဒေက ထုတ်ထားတာ။လက်ရှိက အရှုံးခံပြီး သူတို့ ပလန်အတိုင်းပဲ သွားနေတာပေါ့”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။


စစ်ကောင်စီဟာ အခုအခါ ရောင်းချရမယ့် စက်သုံးဆီဈေးနှုန်းတွေကို တိုင်းနဲ့ပြည်နယ်အလိုက် နေ့စဉ် ထုတ်ပြန်ပြီး ရောင်းချ ခိုင်းနေသလို သတ်မှတ် ဈေးနှုန်းအတိုင်း မရောင်းချရင် ဥပဒေနဲ့အညီ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ညွှန်ကြားထားတာပါ။


လက်ရှိမှာတော့ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချတဲ့ တိုင်းနဲ့ပြည်နယ်တချို့က စက်သုံးဆီအရောင်းဆိုင် ၈၂ ဆိုင်ကို ဒဏ်ငွေရိုက် အရေးယူမှုတွေ လုပ်ဆောင်ထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

 
တစ်ဖက်မှာလည်း စစ်ကောင်စီက စက်သုံးဆီပြတ်လပ်မှု မရှိစေဖို့အတွက် ကုမ္ပဏီတွေနဲ့ စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်မှု ဖြစ်ပေါ်လာပါက အချိန်နဲ့ တစ်ပြေညီ တင်ပြဖို့ကို ညွှန်ကြားထားတာပါ။


စက်သုံးဆီဈေးနှုန်းတွေဟာ ကမ္ဘာ့ရေနံဈေးကွက်အပေါ် အခြေခံတာဖြစ်တဲ့အပြင် ပြည်တွင်းမှာလည်း ဒေါ်လာဝယ်ယူမှု ကန့်သတ်ချက်တွေ ရှိနေတာကြောင့် ဈေးကွက်မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေ အရှုံးပေါ်နေတာ ဖြစ်တယ်လို့ စက်သုံးဆီဈေးကွက် ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။


မြန်မာနိုင်ငံဟာ စက်သုံးဆီလိုအပ်ချက်ရဲ့ ဆယ်ရာခိုင်နှုန်းခန့်သာ ပြည်တွင်းကနေ ထုတ်လုပ်နိုင်တာဖြစ်ပြီး ကျန် ၉၀ ရာခိုင်နှုန်းခန့်ကို ပြည်ပကနေ တင်သွင်း အသုံးပြုနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.