ရန်ကုန် ၊ ဇူလိုင် (၃)

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုဟာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကျပ်အတည်း လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ သူရဲ့ ဒုတိယအကြိမ် မြန်မာပြည်ခရီးစဉ်မှာ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့နဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့တာပါ။

ဒီတွေ့ဆုံပွဲမှာ အာဆီယံအထူးကိုယ်စားလှယ်က အပစ်အခတ်ရပ်စဲရေး၊ လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေးနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ တင်ပြဆွေးနွေးခဲ့ပါတယ်။

အပစ်ရပ် ၇ ဖွဲ့ကလည်း ညှိနှိုင်းအဖြေရှာနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် အကူအညီပေးဖို့၊ သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံနိုင်ရေးအတွက် ကြိုးပမ်းပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ အမှန်တကယ် လိုအပ်နေသူတွေထံ ရောက်ရှိရေး ဆောင်ရွက်ပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အာဆီယံအထူးကိုယ်စားလှယ် တွေ့ဆုံခဲ့တဲ့ အပစ်ရပ် ၇ ဖွဲ့ဟာ စစ်ကောင်စီတပ်နဲ့ နှစ်ပေါင်းများစွာ စစ်ရေး ပဋိပက္ခတွေ မရှိတဲ့အတွက် လက်ရှိ နိုင်ငံရေး အကျပ်အတည်း လက်နက်ကိုင် ပဋိပက္ခတွေကို ရပ်ဆိုင်းနိုင်အောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိဘူးလို့ ဝေဖန်လိုက်ပါတယ်။



“သူတို့ (PPST) အနေနဲ့ ဘယ်လိုမှ လက်နက်ကိုင် တိုက်ပွဲတွေ၊ ပဋိပက္ခတွေ ရပ်ဆိုင်းအောင်လုပ်ဖို့ အတွက် အခွင့်အလမ်းမရှိပါဘူး။သူတို့က အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေပါ။ (စကစနဲ့ တိုက်ပွဲဖြစ်)လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်ကတော့ သူတို့ပြောတာက စစ်တပ်က နိုင်ငံရေးက ဆုတ်ခွာမှ သူတို့ဆွေးနွေးမယ်လို့ ပြောပါတယ်။အဲဒီတော့ စစ်ကောင်စီက တစ်ဆင့် အခုကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးတွေကို EAOs လက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေက ဘယ်လိုမှ လက်နက်ကိုင် ပဋိပက္ခတွေကို ရပ်ဆိုင်းပစ်ဖွယ်ရာ မရှိပါဘူး”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတဲ့အတွက် PPST ရဲ့ ပြောဆိုမှုတွေဟာလည်း အကောင်အထည်ဖော်လာနိုင်စရာ မရှိဘူးလို့လည်း ဦးသန်းစိုးနိုင်က သုံးသပ်တာပါ။

အာဆီယံ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ PPST ပြောခွင့်ရ နိုင်အောင်မငေးကတော့ လက်ရှိနိုင်ငံရေး အကျပ်ပတည်းမှာ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ တစ်ရပ်ဖြစ်ဖို့ စုစုစည်းစည်းနဲ့ ဆွေးနွေးပွဲကို ဝင်ရောက်ကြဖို့ တိုက်တွန်းပါတယ်။

“ဒါ ကျွန်တော်တို့အနေနဲ့ အစပျိုးမှုဖြစ်ပါတယ်။ဒါပေမယ့် သူ့ရဲ့ သက်တမ်းက ခြောက်လပဲ ကျန်တော့ မြန်မြန်ဆန်ဆန်နဲ့ ပြီးအောင်လုပ်ရမှာပါ။ဒါပေမယ့် ဘယ်လိုပဲ ပြောပြော အခြေအနေ အချိန်အခါအရတော့ မြန်မြန်ဆန်ဆန်ဖြစ်ဖို့ တက်ညီလက်ညီနဲ့ သဘောထားပြည့်ပြည့်ဝဝနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်မယ်ဆိုရင်တော့ ကောင်းမွန်တဲ့ ရလဒ်ကောင်းတစ်ခု ရရှိမယ်လို့ မျှော်လင့်ပါတယ်။ဒါကြောင့်မို့ တက်ညီလက်ညီနဲ့ အဖွဲ့ပေါင်းစုံ အားလုံးပါဝင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ် ဖြစ်ဖို့အတွက် အားလုံးစုစုစည်းစည်းနဲ့ ဆွေးနွေးပွဲကို ဝင်ရောက်ကြပါလို့ တိုက်တွန်းပြောကြားချင်ပါတယ်”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ အပစ်ရပ်အဖွဲ့တွေထဲမှာတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) နဲ့ မွန်ပြည်သစ်ပါတီ(NMSP)တို့ ပါဝင်ပါတယ်။

စစ်ကောင်စီကတော့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးဖို့ စတဲ့ကိစ္စရပ်တွေ ‌ဆွေးနွေးသွားဖို့ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ကတော့ သူရဲ့ ဒုတိယအကြိမ် မြန်မာပြည်ခရီးစဉ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုထာပေမယ့် စစ်ကောင်စီက လက်မခံကြောင်း ပယ်ချထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.