ရန်ကုန် ၊ ဇူလိုင် (၂)


စစ်တပ် အာဏာသိမ်းပြီးကတည်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆိုးဆုံးဖြစ်လာတဲ့ မြန်မာနိုင်ငံမှာ အလုပ်သမား အခွင့်အရေး ဆိုတာလည်း ပျက်သုဉ်းလု ဖြစ်သွားခဲ့ပြီး အလုပ်ရှင်တွေရဲ့ ဖိနှိပ်မှုကို ဘက်ပေါင်းစုံက ကြုံတွေ့နေရတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေနဲ့ အလုပ်သမားတွေက ပြောပါတယ်။

 
အလုပ်သမားတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အခြေခံ အကျိုးခံစားခွင့်တွေ မရတာ၊ အချိန်ပိုကြေး မရတာ၊ လိင် အမြတ်ထုတ်ခံရတာ(ကြီးကြပ်သူတွေရဲ့ ထိကပါးရိကပါးလုပ်ခံရတာ၊ညစ်ညမ်းတာတွေပြောဆိုခံရတာ)၊ ကိုယ်ထိလက်ရောက် နှိပ်စက်ခံရတာတွေနဲ့  ခြိမ်းခြောက်မှုတွေကို ပြောင်ပြောင်တင်းတင်း ခံစားနေရပါတယ်။


စက်ရုံ အလုပ်ရုံတွေ ပေါတဲ့ ရန်ကုန်မြို့က လှိုင်သာယာ၊ ရွှေပြည်သာတို့လို မြို့နယ်တွေမှာ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်က အလုပ်သမားအများစု လာရောက် အလုပ်လုပ်ကိုင် နေကြပါတယ်။ အများစုက အထည်ချုပ်စက်ရုံတွေ ဖြစ်ပြီး အဲဒီနေရာတွေမှာပဲ အလုပ်သမား အခွင့်အရေးချိုး ဖောက်ခံရမှုတွေ အဆိုးဆုံး ဖြစ်ပေါ်နေတာပါ။

 
မတရားခိုင်းစေခံနေရတဲ့ အလုပ်သမားထု


အလုပ်ရှင်တွေက အလုပ်သမားတွေကို အတင်းအဓမ္မ ခိုင်းစေတာမျိုး မလုပ်ဘူးလို့ ငြင်းဆို နေကြပေမယ့် တိုးမြှင့်လိုက်တဲ့ အထည် အရေအတွက်ကို အချိန်ပို ဆင်းခိုင်းပြီး သတ်မှတ်ချိန် ပြီးအောင် ချုပ်ခိုင်းတာ၊ အချိန်ပိုဆင်းပေမယ့် အချိန်ပိုကြေးတွေ မပေးတာ၊ အချိန်ပို မဆင်းချင်ရင် နောက်နေ့ အလုပ် လာမဆင်းနဲ့ ဆိုတာမျိုးတွေ ပြောဆိုလာတယ်လို့ လုပ်ငန်းခွင်ထဲမှာ ကိုယ်တိုင်ကြုံတွေ့ နေရတဲ့ အလုပ်သမား တစ်ဦးက အခုလိုပဲ ပြောပြလာပါတယ်။


 “အရင်ကဆို အချိန်ပိုဆင်းရင် အချိန်ပိုကြေးဆိုပြီး သက်သက် ရတာရှိတယ်။ အခု နောက်ပိုင်းကျတော့ သူတို့က တစ်နေ့ကို ဘယ်လောက် အပြီး ချုပ်ရမယ်ဆိုပြီး လုပ်ခိုင်းတယ်။ ညနေ ၅ နာရီ အလုပ် ဆင်းချိန် ကျော်လို့ မပြီးသေးရင် ဆက်လုပ်ရတယ်။ အဲဒီအတွက် အချိန်ပိုကြေးဆိုတာ မရှိဘူး။ မပြီးဘဲ ရုံးဆင်းသွားမယ် ဆိုရင်လည်း သူတို့က မှတ်ထားပြီး သုံးခါဆို အလုပ်ထုတ်တယ်။ အလုပ်တွေက ရှားနေတော့ ဘယ်သူမှ ဘာမှ မပြောရဲဘူး။ ပြီးအောင်ပဲ လုပ်ကြရတာပေါ့” လို့ လှိုင်သာယာမြို့နယ် အထည်ချုပ်စက်ရုံမှာ ဧရာဝတီတိုင်းကနေ လာရောက် အလုပ်လုပ်နေတဲ့ အသက် ၁၉ နှစ် အရွယ် မထွေးထွေး (အမည်လွှဲ) က ဆိုပါတယ်။


အလုပ်သမား အနေနဲ့ နေမကောင်းလို့ လုပ်ငန်းခွင် ခွင့်နဲ့ ပျက်ရင်တောင် နောက်နေ့ မလာနဲ့ဆိုပြီး အလုပ်ရှင်တွေဘက်က ပြောဆိုမှုတွေ ရှိနေသလို ကလေးမွေးဖွားခွင့် လိုမျိုးတောင် အပြည့်အဝ မရတော့ဘူးလို့ သိရပါတယ်။ ဒါ့အပြင် လူမှုဖူလုံရေး ကြေးကို လစဉ် အလုပ်သမားတွေက ပေးထားပေမယ့် အကျိုးခံစားခွင့်တွေ မရရှိတော့ဘူး လို့လည်း ဆိုပါတယ်။

 
 “မန်နေဂျာနဲ့ ကြီးကြပ်တွေက အလုပ်သမားတွေကို အော်ဟစ် ဆဲဆိုနေပြီး ကိုယ်ဝန်ဆောင်တွေ ကိုလည်း စက်ရုံက သက်မှတ်တဲ့ စံချိန်ကို မချုပ်ပေးနိုင်ရင် အလုပ်က ထွက်လို့ ပြောပြီး မီးဖွားခွင့်လည်း ပေးမှာမဟုတ်ဘူး။ အလုပ် လာမဆင်းနဲ့လို့ အော်ဟစ်ပြီး အဓမ္မ ခိုင်းစေနေတယ်” လို့ အလုပ်သမား တစ်ဦးက ပြောပါတယ်။

 
 အလုပ် ထုတ်ခံရလို့ လျော်ကြေး မရတာတွေ၊ အလုပ်ရှင်က မကျေနပ်လို့ အလုပ်သမားပေါ် အငြိုးထားတာတွေ၊ လုပ်ငန်းခွင်ထဲမှာ တစ်ဦးနဲ့ တစ်ဦး ခွဲခြား ဆက်ဆံ ခံရတာတွေနဲ့ အချိန်ပို ခေါ်ပြီး အချိန်ပိုကြေး မပေးတာတွေကို တိုင်ကြားတဲ့အခါ အလုပ်ရှင်ရဲ့ စောင့်ကြည့်ခြင်း ခံရတာတွေ ရှိနေတယ်လို့လည်း အလုပ်သမားတွေက ဆိုကြပါတယ်။


လှိုင်သာယာမြို့နယ်  စက်မှုဇုန် (၂) ၊ ဆရာစံလမ်းမှာ ရှိတဲ့ တရုတ်လူမျိုးပိုင် အထည်ချုပ်စက်ရုံ တခုဖြစ်တဲ့ Jessie Myanmar Apparel စက်ရုံမှာ အသက် မပြည့်သေးတဲ့ ကလေးငယ်တွေကို လုပ်ခလစာ နှိမ်ပြီး ခိုင်းစေတာနဲ့ အခြား အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။


လုပ်သားဦးရေ ၅၀၀ နဲ့ လည်ပတ်နေတဲ့ အဲဒီစက်ရုံမှာ နိုင်ငံခြားသား တရုတ်လူမျိုးက အလုပ်သမား တစ်ဦးကို ခြေထောက်နဲ့ ကန်ပြီး ကျူးလွန်ခံရတဲ့ အလုပ်သမားကို အလုပ်ထုတ်ခဲ့တဲ့ ဖြစ်စဉ်အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဆိုပါ စက်ရုံကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည် ဖြေကြားတာ မရှိခဲ့ပါဘူး။


စစ်တပ် အာဏာသိမ်းပြီး ၆ လ အကြာမှာပဲ မြန်မာနိုင်ငံဟာ အလုပ်သမား အခွင့်အရေး အချိုးဖောက်ခံရဆုံး ၁၀ နိုင်ငံ စာရင်းမှာ ဝင်ရောက်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (ITUC) က ထုတ်ပြန်ထားပါတယ်။

 
အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ဘယ်လောက်ထိ လေးစားလိုက်နာသလဲဆိုတာ နိုင်ငံပေါင်း ၁၄၉ နိုင်ငံကို စစ်တမ်းကောက်ယူပြီးတော့ အညွှန်းကိန်းထုတ်ပြန်ခဲ့တာပါ။ အဲဒီအညွှန်းကိန်းမှာ ဆိုးရွားမှုအဆင့် ၁ ကနေ အပေါင်း ၅ အထိ သတ်မှတ်ရာမှာ မြန်မာနိုင်ငံကို အဆိုးဆုံးအဆင့် အပေါင်း ၅ အဖြစ် သတ်မှတ်ထားပါတယ်။

 
ဆိတ်သုဉ်းသွားတဲ့ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်


အလုပ်သမားတွေ ထောင်နဲ့ချီ လည်ပတ်နေတဲ့ စက်ရုံ၊အလုပ်ရုံတွေဟာ အာဏာသိမ်းပြီး နောက်ပိုင်း အစမ်းခန့် ဆိုတဲ့ ခေါင်းစဉ်နဲ့ အလုပ်သမားတွေကို နေ့စားလို သဘောထားပြီး အလုပ်ခိုင်းစေလာကြတာပါ။  


အလုပ်သမား ၅ ဦး အထက်ရှိတဲ့ လုပ်ငန်းတွေမှာ မဖြစ်မနေ ချုပ်ဆိုရမယ်လို့ သတ်မှတ်ချက်ရှိတဲ့ အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ် (EC) ဆိုတာ ရန်ကုန် စက်ရုံ လုပ်ငန်းခွင်တွေမှာ မရှိသလောက် ဖြစ်လာတယ်လို့ အလုပ်သမားတွေက ဆိုကြပါတယ်။


ဒါဟာ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပေါ်ပေါ်ထင်ထင် ချိုးဖောက်လာမှုထဲက တစ်ခု ဖြစ်ပါတယ်။ EC စာချုပ်ဟာ အလုပ်သမားတွေ ရပိုင်ခွင့်နဲ့ ထမ်းဆောင်ရမယ့် တာဝန်တွေကို အလုပ်ရှင်နဲ့ သဘောတူစာချုပ် ချုပ်ဆိုပြီး အဲဒီစာချုပ်ပါ သတ်မှတ်ချက်တွေအတိုင်း နှစ်ဖက် ကျင့်သုံးတဲ့ စနစ် ဖြစ်ပါတယ်။ အဲဒီစနစ်ကို ၂၀၁၇ ခုနှစ်ကစပြီး ကျင့်သုံးခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ စာအုပ်ထဲမှာပဲ ရှိတော့တယ်လို့ အလုပ်သမား တစ်ဦးက မှတ်ချက်ပြုပါတယ်။

 
 “ကျွန်တော် လွန်ခဲ့တဲ့ ၃ လ လောက်က စပြီး အလုပ်က လူလျော့တယ် ဆိုပြီး ဖြုတ်ခံ လိုက်ရတယ်။ ဝင်တာလဲ မကြာသေးဘူး။ ကျွန်တော်တို့ကို အစမ်းခန့်လို့ ပြောတယ်။ သုံးလပေါ့။ အဲ့ဒါပြီးမှ စာချုပ်တွေ ဘာတွေ ရှိမယ်ပေါ့။ သုံးလတောင် မပြည့်လိုက်ဘူး။ လူလျော့တဲ့ အထဲ ပါသွားတယ် ” လို့ ရွှေပြည်သာမြို့နယ် ဖိနပ်စက်ရုံ တစ်ခုမှာ လုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။


 အလုပ်ရှင်တွေက အလုပ်သမားတွေကို အမြဲတမ်း ဝန်ထမ်းမခန့်ဘဲ အစမ်းခန့် သုံးလပဲ ခန့်ပြီး ထုတ်ပစ်တာတွေကို လုပ်နေတာပါ။ တရားဝင် အကျိုးခံစားခွင့်တွေ မရှိတဲ့ အစမ်းခန့် ဝန်ထမ်းတွေကို ခေါင်းပုံ ဖြတ်နေပါတယ်။ အစမ်းခန့် ကာလနဲ့ အလုပ်ထုတ်ခံရသူကို အလုပ်ပြန်ခန့်ပြီး နောက်ထပ် အစမ်း ၃ လနဲ့  အလုပ်ထုတ်တဲ့ ဖြစ်စဉ်တွေပါ ရှိနေပါတယ်။


အလုပ်သမားတွေ ခေါင်းငုံ့ အံကြိတ်ခံနေရတယ်


စစ်တပ်အာဏာ မသိမ်းခင်က အခွင့်အရေး ဆုံးရှုံးနေတဲ့ အလုပ်သမားတွေဟာ သက်ဆိုင်ရာ အလုပ်သမား အဖွဲ့တွေ၊ သမဂ္ဂတွေကနေ တစ်ဆင့် တိုင်ကြားနိုင်ပြီး အဲဒီအဖွဲ့အစည်းတွေကနေ တစ်ဆင့် နစ်နာကြေး၊ အခွင့်အရေး စတာတွေကို ပြည့်ပြည့်ဝဝ နီးပါး ရရှိခဲ့ကြပါတယ်။


ဒါပေမယ့် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အလုပ်သမား အခွင့်အ‌‌‌ရေး လှုပ်ရှားသူတွေဟာ စစ်ကောင်စီရဲ့ ပစ်မှတ် ဖြစ်လာခဲ့ပါတယ်။

 
ဒါ့အပြင် အလုပ်ရှင်တွေကပါ စစ်တပ် အာဏာသိမ်းတာကို လက်နက်တစ်ခု အဖြစ် သုံးလာပြီး အလုပ်သားတွေကို ခြိမ်းခြောက်တာတွေ ရှိတယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မခိုင်ဇာအောင်က ပြောပါတယ်။


 “မနှစ်က ဧပြီလတုန်းက ဖိနပ်စက်ရုံ တခုမှာ အလုပ်သမားတွေ လစာမရလို့ ဆန္ဒပြတဲ့ အချိန်မှာ စက်ရုံပိုင်ရှင်က စစ်တပ်ကို ခေါ်တဲ့အတွက် လာရောက် ပစ်ခတ်မှုအထိ ဖြစ်ပွားကာ ၆ ဦးထိ သေဆုံး ခဲ့တာတွေ ရှိပါတယ်။ ဒီလို ပုံစံမျိုးတွေ ရှိတဲ့အတွက် အလုပ်ရှင်တွေကလည်း အလုပ်သမားတွေကို လစာ လျှော့တာတွေရှိရင် တိုင်ချင်တဲ့ နေရာတိုင်။ ဆန္ဒတော့ မပြနဲ့၊ ဆန္ဒ ပြတာမျိုးတွေ ရှိရင် စစ်တပ်ကို ခေါ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးတွေ အထိ စက်ရုံတော်တော်များများမှာ ဖြစ်ပွားနေတာ” လို့ သူက ပြောပါတယ်။


အလုပ်သမားအဖွဲ့အစည်းတွေရဲ့ အဆိုအရ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာ တနိုင်ငံလုံးမှာ ရှိတဲ့ အလုပ်သမား အဖွဲ့အစည်းတွေ ထဲက အနည်းဆုံး အလုပ်သမား ၅၄ ဦးခန့် အသတ်ခံခဲ့ရပြီး အလုပ်သမား ၂၇၉ ဦးက စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။


အာဏာသိမ်း စစ်ကောင်စီက အလုပ်သမား အဖွဲ့အစည်း ၁၆ ဖွဲ့ကိုလည်း တရားမဝင်ကြောင်း ကြေညာခဲ့ပြီး သမဂ္ဂ ခေါင်းဆောင်တွေရဲ့ နေအိမ်တွေကို ဝင်ရောက် စီးနင်းတာ၊ ငွေကြေးနဲ့  တခြားပိုင်ဆိုင်မှု ပစ္စည်းတွေကို သိမ်းဆည်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။


အလုပ်ရှင်တွေက အလုပ်သမား အခွင့်အရေး ဆိုပြီး ပြောလာတဲ့ သူတွေကို အလုပ်ဖြုတ်တာ၊ စစ်တပ်နဲ့ တိုင်ပြီး ဖမ်းခိုင်းမယ်ဆိုတဲ့ ခြိမ်း‌ခြောက်တာတွေ လုပ်ဆောင်တဲ့အတွက် အလုပ်သမားအများစု မပြောရဲ မဆိုရဲတော့အထိ ဖြစ်လာခဲ့တာပါ။

 
အခွင့်အရေး ချိုးဖောက်ခံရတာ၊ ဖိနှိပ်ခံရတာတွေကို အလုပ်သမားတွေ အနေနဲ့  CTUM ကို လာရောက်တိုင်ကြားဖို့ မခိုင်ဇာအောင်က ဖိတ်ခေါ်ထားပါတယ်။


လက်ရှိမှာ CTUM  အနေနဲ့ လစာ မပေးဘဲ အလုပ်ပိတ်ပြီး ပြန်သွားတဲ့ အလုပ်ရှင်တွေကို သက်ဆိုင်ရာ နိုင်ငံတွေက တဆင့် ဆက်သွယ်ပြီး လစာ မရလိုက်တဲ့ အလုပ်သမားတွေ လုပ်ခလစာ (လျော်ကြေးငွေ) ပြန်ရအောင် လုပ်ပေးနိုင်တဲ့ ကိစ္စသာ ရှိတယ်လို့ သူက ပြောပါတယ်။


 ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အတွင်းမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတဲ့ အမှုပေါင်း ၆၀ နီးပါး CTUM ထံ တိုင်ကြားစာ ရောက်ရှိခဲ့ပြီး လက်ရှိ ဖြေရှင်းဖို့ နည်းလမ်း ရှာနေသလို အပြည်ပြည် ဆိုင်ရာက သက်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်တွေကို ဆက်သွယ်ပြီး အကူအညီ တောင်းနေတာတွေ ရှိတယ်လို့ မခိုင်ဇာအောင်က ဆိုပါတယ်။


စစ်အာဏာ သိမ်းပြီးနောက်ပိုင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၁ ဒသမ ၆ သန်းက အလုပ်လက်မဲ့ ဖြစ်သွားပြီး ဒီအထဲကမှ အလုပ်လက်မဲ့ အလုပ်သမား ၃ သိန်းကျော်ဟာ အထည်ချုပ် အလုပ်သမားတွေ ဖြစ်နေတာပါ။

 
စစ်ကောင်စီရဲ့ အလုပ်သမား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကတော့ ၂၀၂၂ ခုနှစ်အတွင်း ပြည်တွင်းမှာ တစ်လကို အထည်ချုပ်စက်ရုံ အသစ် ငါးခု ဖွင့်လှစ်နေပြီး အလုပ်အကိုင် ငါးသိန်းလောက် ပေးထားနိုင်ခဲ့တယ်လို့ ပြောပါတယ်။

 
စစ်ကောင်စီဘက်က အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးများနေတယ်လို့ ပြောဆိုမှုဟာ ဝါဒဖြန့်ရုံသာသာ ဖြစ်တယ်လို့ အလုပ်သမားတွေက မှတ်ချက်ပြုပါတယ်။

 
တကယ့် မြေပြင်မှာတော့ အလုပ်သမားတွေဟာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတဲ့အတွက် ဖိနှိပ်မှုကို ခေါင်းငုံ့ခံရင်း ဘဝအတွက် ရုံးကန်နေကြရဆဲ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.