ဂျာကာတာ – ဇူလိုင်(၂) 

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဇွန်လ(၃၀) ရက်နေ့က ရုရှားနိုင်ငံမော်စကိုမြို့မှာ သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံစဉ် ကမ္ဘာ့စားနပ်ရိက္ခာ အကြပ်အတည်းအပေါ် စိုးရိမ်မှုတွေမြင့်တက်နေချိန် ယူကရိန်းဂျုံတင်ပို့ဖို့အတွက် ပင်လယ်ရေလမ်းကြောင်း ဖွင့်ပေးဖို့ သဘောတူညီမှုရခဲ့တယ်လို့ ဆိုပါတယ်။ 

ယူကရိန်းနဲ့ ရုရှားနှစ်နိုင်ငံလုံးက စားနပ်ရိက္ခာနဲ့ ဓာတ်မြေဩဇာအတွက် လုံခြုံရေး အာမခံချက် ပေးခဲ့လို့ သမ္မတ ပူတင်ကို ကျေးဇူးတင်တယ်လို့လည်း ရုရှား၊အင်ဒို ပူးတွဲသတင်းစာရှင်းလင်း ပွဲမှာ ပြောဆိုခဲ့တာပါ။ 

အစားအစာနဲ့ ဓာတ်မြေဩဇာထုတ်ကုန်တွေကို ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်အဖြစ် ပြန်လည်ပေါင်းစည်းဖို့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေကို ဝီဒိုဒိုက ထောက်ခံထားပြီး ယူကရိန်း ဆန်စပါးတင်ပို့မှုအတွက် ပင်လယ်နက်လမ်းကြောင်းဖွင့်ဖို့ အစီအစဉ်အပါအဝင် ကုလဟာ ရုရှားနဲ့ ယူကရိန်းအပြင် တူရကီနိုင်ငံနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။ 

“အစားအစာနှင့် ဓာတ်မြေသြဇာများဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအတွက် ပြဿနာတစ်ရပ်ဖြစ်နေပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစားအစာနှင့် ဓာတ်မြေသြဇာထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်မှုများကြောင့် သန်းရာနှင့်ချီတဲ့ လူပေါင်းများစွာကို ထိခိုက်နစ်နာခဲ့ရသည်” လို့ အင်ဒိုနီးရှား သမ္မတ ဝီဒိုဒိုကပြောပါတယ်။ 

ရုရှားနိုင်ငံက ယူကရိန်းရဲ့ ပို့ကုန်တွေကို ဟန့်တားဖို့ ပင်လယ်နက်ကို ပိတ်ဆို့ထားပြီး စီးပွားရေး ခက်ခဲအောင်ကြိုးစားနေသလို ဂျုံကဲ့သို့ စားသောက်ကုန်တင်ပို့ရောင်းချမှုတွေဟာလည်း အနှောင့်အယှက်ဖြစ်နေခဲ့တာပါ။ 

“အင်ဒိုနီးရှားနိုင်ငံနှင့် အခြားမိတ်ဖက်နိုင်ငံများမှ စိုက်ပျိုးရေးထုတ်လုပ်သူများ၏ ထုတ်ကုန်များ အတွက် နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ပိုတက်ရှ် ဓာတ်မြေသြဇာများနှင့် ကုန်ကြမ်းပစ္စည်းလိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးရန် ကျွန်ုပ်တို့ အသင့်ရှိနေပါသည်” လို့ သမ္မတ ပူတင်က ရုရှားနိုင်ငံပိုင် သတင်းအေဂျင်စီတစ်ခုကို ပြောဆိုခဲ့ပါတယ်။ ။ 

Snake Island ရဲ့ ဗျူဟာမြောက်တည်ရှိတဲ့ ယူကရိန်းပင်လယ်နက် အစွန်အဖျားက မော်စကို စစ်တပ်တွေဆုတ်ခွါပြီးရိက္ခာတင်ပို့ရောင်းချမှုအတွက် ဖွင့်လှစ်ပေးမယ် လို့ ကတိပေး ထားပြီး ဆုတ်ခွါပေးတာကို စိတ်ကောင်းစေတနာကိုပြသတာဖြစ်တယ်လို့ ထုတ်ပြန် ထားပေမယ့် တပ်စွဲထားတဲ့ ရုရှားတပ်ဖွဲ့တွေကို ယူကရိန်းက ဗုံးကြဲပြီးမောင်းထုတ်ခဲ့ ရတာလို့ ဆိုထားပါတယ်။ 

အင်ဒိုနီးရှားခေါင်းဆောင်ရဲ့ ခရီးစဉ်ဟာ ဒီသီတင်းပတ်အတွင်း ဂျာမနီနိုင်ငံမှာ ကျင်းပမယ့် G-7 ထိပ်သီးအစည်းအဝေးကို တက်ရောက်ပြီး ယူကရိန်းသမ္မတနဲ့ တွေ့ဆုံခဲ့တာပါ။

ဝီဒိုဒိုက ကမ္ဘာ့စျေးကွက်ကို ဂျုံနဲ့ဓာတ်မြေဩဇာ တင်ပို့ရောင်းချတဲ့ နိုင်ငံ တွေဖြစ်တဲ့ ရုရှားနဲ့ ယူကရိန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ကမ္ဘာ့စားနပ်ရိက္ခာ အကြပ်အတည်း ကိုဆွေးနွေးဖို့ကြိုးပမ်းခဲ့တာပါ။ 

ဓာတ်မြေဩဇာတင်ပို့မှုပြတ်တောက်သွားတာဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူ(၂) ဘီလျံလောက်ကို စားနပ်ရိက္ခာအကြပ်အတည်းဖြစ်နိုင်တဲ့ အန္တရာယ်ရှိနေပြီး အစား အသောက်နဲ့ ဓာတ်မြေဩဇာပိတ်ဆို့အရေးယူမှုတွေကင်းလွတ်ဖို့ အတွက် G-7 ဆွေးနွေးပွဲအတွင်း ခေါင်းဆောင် တွေက တိုက်တွန်းထားပါတယ်။ 

“ဓာတ်မြေသြဇာထုတ်လုပ်တဲ့ ကျွန်တော်တို့ရဲ့ ကုမ္ပဏီပိုင်ရှင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင် တွေကိုတောင် ပိတ်ဆို့အရေးယူမှုခံနေရပါတယ်၊ ဒီစာချုပ်တွေ ချုပ်ဆိုရတာက ရှုပ်ထွေးပါတယ်” လို့ ရုရှားသမ္မတပူတင်က ပြောခဲ့ပါတယ်။ 

ဒါ့အပြင် နိုင်ငံခြားစျေးကွက်ကို တင်ပို့ဖို့ ပိုမိုခက်ခဲလာတဲ့အတွက် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေကိုလည်း သူက ပြစ်တင်ဝေဖန်ထားပါတယ်။ 

အင်ဒိုသမ္မတ ဝီဒိုဒိုက ရုရှားခေါင်းဆောင်နဲ့ ယူကရိန်းခေါင်းဆောင်တို့နှစ်ဦးကြား ဆက်သွယ် ပေးပြီး ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းပေးဖို့ ကမ်းလှမ်းထားပါသေးတယ်။ 

အင်ဒိုနီးရှားနိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနဲ့ ခရီးသွားကဏ္ဍတွေမှာ ရုရှားနဲ့ ပူးပေါင်းဆောင် ရွက်သွားမှာဖြစ်ပြီး အရှေ့တောင်အာရှရဲ့ အကြီးဆုံးစီးပွားရေးအတွက် စိတ်ဝင်စားမှု မရှိပေမယ့် စစ်ပွဲချက်ချင်းရပ်ပြီး စားနပ်ရိက္ခာ၊ဓာတ်မြေဩဇာနဲ့ စွမ်းအင်ထောက်ပံ့ရေးကွင်းဆက်ကို ချက် ချင်းပြင်ဆင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 

အင်ဒိုနီးရှားရဲ့ G-20 ဥက္ကဌ ရာထူးကို ထောက်ခံထားတဲ့ ပူတင် ကို နိုဝင်ဘာလမှာကျင်းပမယ့် G-20 ထိပ်သီးအစည်းအဝေးကို ပူတင်က လူကိုယ်တိုင်ဒါမှမဟုတ် အဝေးက တက်ရောက်မှာ ဆိုတဲ့ ထင်မြင်ချက်တွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

အနောက်မဟာမိတ်အုပ်စုကတော့ ရုရှားကို သပိတ်မှောက်ဖို့ ခြိမ်းခြောက်ထားတာတွေရှိနေပြီး ဝီဒိုဒိုက ပူတင်ကို ထိပ်သီးအစည်းအဝေးကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

Ref: Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.