နေပြည်တော် – မေ(၂၇)
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး မိသားစုတွေက ကုလစောင့်ကြည့်ရေးကို တိုင်ကြားချက်တစ်ရပ် ပေးပို့ခဲ့တယ်လို့ ရှေ့နေတွေက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရကို အာဏာသိမ်းမှုနဲ့ ဖယ်ရှားလိုက်ချိန်ကစပြီး မြန်မာနိုင်ငံမှာ ကသောင်းကနင်း ဖြစ်ခဲ့ရသလို အသက်(၇၆) နှစ်အရွယ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ကို စစ်တပ်က အချုပ်ချထားခဲ့ပြီး ထောင်ဒဏ်နှစ်ပေါင်း (၁၅၀) ကျော်ေလာက် ကျခံရနိုင်တဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး တရားရေးနည်းလမ်းနဲ့ ပြန်ပေးဆွဲမှုဖြစ်တယ်လို့ မိသားစုဆွေမျိုးတွေက မတရားဖမ်းဆီးထိန်းသိမ်းမှုဆိုင်ရာ ကုလအလုပ်အဖွဲ့ကို တိုင်တန်ချက်တစ်ရပ် ပြုလုပ်ခဲ့တယ်လို့ လူ့အခွင့်အရေးရှေ့နေတွေက ပြောဆိုခဲ့ပါတယ်။
“သူမကို ဖမ်းဆီးခြင်းသည် တရားဝင်ဆောင်ရွက်ချက်မဟုတ်ပဲ ထိုကဲ့သို့ ထိန်းသိမ်းထားခြင်း သည်လည်း မည်သည့် ဥပဒေတစုံတရာကိုမှ အခြေခံထားခြင်းမရှိပါ၊ မတူကွဲပြားသော ခုံရုံးတင်စစ်ဆေးမှုတွေများသည် ဥပဒေလုပ်ထုံးလုပ်နည်းတစုံတရာအရ ဆောင်ရွက်ရသော အခြေခံစည်းမျဥ်းများကို ချိုးဖောက်နေခြင်းဖြစ်သည်” လို့ တိုင်တန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကြောင့် မြန်မာပြည်သူလူထုဟာ ငြိမ်သက်နေတဲ့ အခြေအနေမှာ ရှိခဲ့ပြီး မတရားဖမ်းဆီးမှုကြောင့် ပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားချက်တွေလည်း ပျက်ဆီးသွားခဲ့ရတယ်လို့ တိုင်တန်ချက်ထဲက ဖော်ပြချက်ကို AFP သတင်းဌာနက တွေ့ရှိထားတယ်လို့ ဖော်ပြထားပါတယ်
လက်တွေ့မဆန်တဲ့စွပ်စွဲချက်တွေကို အတွဲလိုက် ရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဟာ စုစုပေါင်းထောင်ဒဏ်(၁၁) နှစ်ချခံထားရသလို ထပ်မံပြီး မတူကွဲပြားတဲ့ စွပ်စွဲချက်တွေ ကြောင့်လည်း ထောင်ဒဏ်နှစ်ပေါင်း (၁၀၀) ကျော် ကျခံရနိုင်တဲ့ အလားအလာ ရှိနေတယ်လို့ ရှေ့နေတွေက ပြောထားပါတယ်။
စစ်အာဏာရှင်းဟောင်းဦးသန်းရွှေလက်ထက်တုန်းကလည်း လူထုခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်ဟာ နေအိမ်အကျယ်ချုပ်နဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရပါသေးတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ကို (၁၅) နှစ်ကျော်လောက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတစ်ဦးအတွက် ယခုချုပ်နှောင်မှုဟာ ဘာဖြစ်လာနိုင်မလဲဆိုတာ ဘယ်သူကတွေးဖူးလဲဆိုပြီး သက်ဆိုင်ရာ လူ့အခွင့်အရေးရှေ့နေနှစ်ဦးက မေးခွန်းထုတ်ခဲ့ပါတယ်။
Ref:CNA