တနင်္သာရီ ၊ မေ (၁၄)
တနင်္သာရီတိုင်းမှာ စစ်ရှောင်ပြည်သူတွေထံ ရိက္ခာကူညီ ပို့ဆောင်ပေးနေတဲ့ လမ်းကြောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံ ရှာဖွေပြီး ပိတ်ဆို့တာတွေ ဆက်တိုက် လုပ်ဆောင်လာတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။
တနင်္သာရီတိုင်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေအပြင် စစ်ကောင်စီဘက်က ကျေးရွာတွေထဲကို လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။
လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ စစ်ရှောင်ပြည်သူတွေ ရိက္ခာကူညီပို့ဆောင်ပေးနေတဲ့ လမ်းကြောင်းတွေကို လိုက်လံ ရှာဖွေပြီး ပိတ်ဆို့တာတွေ ဆက်တိုက်လုပ်ဆောင်လာတဲ့အတွက်ကြောင့် အကူအညီပေးဖို့ ပိုမို အခက်ကြုံလာရတယ်လို့ စစ်ရှောင်အရေးကူညီနေသူ တစ်ဦးက ပြောပါတယ်။
“ စစ်ရှောင်နေရတဲ့ဒေသ အားလုံးမှာ လမ်းပိတ်ခံထားရတဲ့ အခြေအနေဖြစ်တယ်။ အဲ့ဒီအနေအထား ကနေမှ ရတဲ့လမ်းကနေ ကျွန်တော်တို့က ခိုးသယ်နေရတာ ဖြစ်တယ်။လမ်းကတော့ အမြဲ အပိတ် ခံနေရတယ်” လို့ ဆိုပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ တိုက်ပွဲမကြာခဏ ဖြစ်ပွားနေတဲ့ ပုလော၊ သရက်ချောင်း၊ ထားဝယ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ အဓိက အဝင်အထွက်လမ်းပေါက်တွေအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားသွားလာနေတဲ့ လမ်းကြောင်းတွေကိုပါ ပိတ်ဆို့တာတွေ လုပ်ဆောင်နေတာပါ။
စစ်ကောင်စီဘက်က လမ်းပိတ်ဆို့တာတွေ လုပ်ဆောင်လာတာကြောင့် အခြေခံစားသောက်ကုန် ဝယ်ယူဖို့ အခက်ကြုံနေရသလို ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်မှုကိုပါ ဒေသခံတွေ ထပ်မံရင်ဆိုင်နေရပါတယ်။
တနင်္သာရီတိုင်းမှာတော့ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံပြည်သူ ၂ သောင်းကျော်ဟာ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ နေရာကို ထွက်ပြေးတိမ်းရှောင်နေရသလို လက်ရှိမှာတော့ နှစ်ဖက် တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတဲ့အတွက် စစ်ရှောင်ပြည်သူ အရေအတွက် ပိုတိုးလာနေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ဆိုကြပါတယ်။
သတင်း – သံလွင်တိုင်းမ်