မော်လမြိုင် ၊ ဧပြီ (၂၇)

စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ အခုပညာသင်နှစ် အဝေးသင်တက္ကသိုလ် နောက်ဆုံးနှစ် အနီးကပ်သင်တန်းတွေ ပြန်ဖွင့်တော့မယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အဝေးသင် အနီးကပ်သင်တန်းရက်တွေဟာ မေလပထမပတ်အတွင်း ဖွင့်လှစ်သွားမယ်လို့ ကြေညာခဲ့ပြီးနောက် ဧပြီ ၁၈ ရက်နေ့မှာ ခေတ္တရက်ရွှေ့ဆိုင်းကြောင်း ထုတ်ပြန်ခဲ့တာပါ။

အခုအခါမှာတော့ စစ်ကောင်စီဟာ ဝိဇ္ဇာအထူးပြု အဝေးသင်နောက်ဆုံးနှစ် ဒုတိယအသုတ် အနီးကပ်သင်တန်းတွေကို လာမယ့် မေ ၁၉ ရက်ကနေ ၂၈ ရက်နေ့အထိ၊ တတိယအသုတ် အနီးကပ်သင်တန်းတွေကို ဇွန် ၆ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ဖွင့်လှစ်သွားမယ်လို့ ထပ်မံ ထုတ်ပြန် ခဲ့တာ ဖြစ်ပါတယ်။



စစ်ကောင်စီက တက္ကသိုလ်အသီးသီးမှာ အဝေးသင်အနီးကပ် သင်တန်း‌တွေ ဖွင့်လှစ်ဖို့ ကြိုးစားနေတာဟာ အုပ်ချုပ်ရေးပိုင်းမှာ အောင်မြင်တယ်ဆိုတာ ပြသချင်တဲ့အပြင် ကျောင်းသား၊ ‌ကျောင်းသူတွေနဲ့ ဆရာ၊ဆရာမတွေကြား သွေးခွဲသတ်လျှိူတဲ့ သဘောဖြစ်နေတယ်လို့ CDM တက္ကသိုလ်ဆရာမ တစ်ဦးက မှတ်ချက်ပြုပါတယ်။

“ သူတို့ရဲ့ အုပ်ချုပ်မှုက အောင်မြင်တယ်ဆိုတာ ပြချင်တယ်။ ကျောင်းတက်တဲ့ ကလေးနဲ့ ကျောင်းမတက်တဲ့ ကလေးတွေအကြား သတ်လျှိူသွေးခွဲတဲ့ သဘောပါ။ ကျောင်းတက်တဲ့သူ များရင်တော့ သူတို့ကို ထောက်ခံတဲ့သူ များတာပေါ့” လို့ ဆိုပါတယ်။

တဖက်မှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ တက္ကသိုလ်၊ဒီဂရီကောလိပ်နဲ့ ကောလိပ်အသီးသီးမှာ နေ့သင်တန်း အားလုံးကို လာမယ့် မေ ၁၂ ရက်မှာ ပြန်ဖွင့်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

အဲဒီသင်တန်းတွေထဲမှာတော့ ကိုဗစ်ကပ်ရောဂါမတိုင်ခင် ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူတွေအတွက် ပထမနှစ် နေ့သင်တန်းလည်း ပါဝင်ပါတယ်။

တက္ကသိုလ်စီမံအုပ်ချုုပ်ရေး ကောင်စီအပါအဝင် တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့တွေကတော့ စစ်ကောင်စီက ဖွင့်လှစ်မယ့် တက္ကသိုလ်သင်တန်းတွေကို တက်ရောက်တာ မလုပ်ဘဲ ဆက်လက် သပိတ်မှောက်ပေးဖို့ တိုက်တွန်းထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.