ဘီးလင်း ၊ ဧပြီ (၂၇)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNDO/KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက် စစ်ရေး အခြေအနေ ပိုမို တင်းမာလာတာကြောင့် ဒေသခံပြည်သူ ၇၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့က ဘီးလင်းမြို့နယ်အတွင်းက လေးကေနဲ့ ဝင်းတာပန် စစ်ကောင်စီ စခန်းတွေအနေနဲ့ ၃ ရက်အတွင်း ဆုတ်ခွာပေးဖို့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO က သတိပေး စာထုတ်ပြန်ပြီးနောက် နှစ်ဖက် စစ်ရေး အခြေအနေ ပိုမို တင်းမာလာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘီးလင်းမြို့နယ်ရှိ လေးကေ၊ ဝင်းတာပန်၊ ကျောက်ဖျာ၊ ကမ်းမဲ၊ ပုရစ်ခို၊ မြစ်ကျိုးအပါအဝင် ကျေးရွာပေါင်း ၁၅ ရွာက ဒေသခံပြည်သူ ၇၀၀၀ ကျော်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင် နေရတာဖြစ်ပါတယ်။



ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ အခုအခါမှာတော့ စားနှပ်ရိက္ခာအပြင် အမိုးအကာတွေကို အရေးပေါ် လိုအပ်နေပါတယ်။

စစ်ရှောင်ပြည်သူတွေကို KNU က ကျန်းမာရေး အကူအညီနဲ့ ဆန်တချို့ ထောက်ပံ့ထားပေမယ့် မလုံလောက်မှုတွေ ရှိနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ ကျန်းမာရေးအတွက်က ကျွန်တော်တို့ဘက်က ဆေးဝန်ထမ်းတွေ ကြည့်ပေးနေတယ် ၊ တတ်နိုင်သလောက်ပေါ့ ။ ပစ္စည်းကတော့ ဆန်တွေ ထောက်ပံ့ပေးထားပါတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်စခန်းတွေက ပြန်လည် ဆုတ်ခွာတာ မရှိလို့ နှစ်ဖက် စစ်ရေး အခြေအနေ ပိုမိုတင်းမာလာတဲ့အတွက် တိုက်ပွဲ ပြင်းထန်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.