မော်လမြိုင်၊ဧပြီ ၂၆

DKBA တပ်မှူး ဗိုလ်မှူးစောစလုံးနဲ့ တပ်ဖွဲ့ဝင် ၂၀၀ ကျော်ဟာ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO က ဗိုလ်မှူးချုပ်စောနယ်ဒါးမြထံ လာရောက်ပူးပေါင်း ဆောင်ရွက်လိုက်တယ်လို့ နှစ်ဖက်ခေါင်းဆောင်တွေက အတည်ပြုပါတယ်။

အခုလိုပူးပေါင်းလိုက်ရတာဟာ ပြည်သူနဲ့အတူရပ်တည်ပြီး တိုက်ပွဲဝင် ကူညီပေးချင်တာ ဖြစ်တယ်လို့ ဗိုလ်မှူးစောစလုံးက ဆိုပါတယ်။

ဒီကနေ့ KNDO နဲ့ နီးစပ်တဲ့သူတွေထံကနေ ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်တစ်ခုမှာ KNDO နဲ့ ပူးပေါင်းလက်တွဲလာတဲ့ ဗိုလ်မှူးစောစလုံးကို KNDO ဗိုလ်မှူးချုပ်စောနယ်ဒါးမြက KNDO ရာထူးအဆင့်ကို ကိုယ်တိုင်တပ်ဆင်ပေးခဲ့တာကို တွေ့ရတာဖြစ်ပါတယ်။



KNDO ဗိုလ်မှူးချုပ် စောနယ်ဒါးမြကတော့ လာရောက်ပူးပေါင်းတဲ့ DKBA တပ်ဖွဲ့ဝင်တွေနဲ့ ကေအဲန်ဒီအို ကွန်မန်ဒိုတပ်ရင်း ထူထောင်မယ်လို့ ပြောပါတယ်။

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)ဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ဗိုလ်မှူးစောစလုံးဟာ DKBA တပ်ဖွဲ့ရဲ့ တပ်မှူးတစ်ဦးဖြစ်ကာ လေးကေကော်ဒေသအနီးမှာရှိတဲ့ ဖလူးဒေသမှာ အခြေစိုက်နေထိုင်တာဖြစ်ပါတယ်။

လေးကေကော်တိုက်ပွဲစတင်ဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ လေးကေကော်ဒေသအနီးမှာရှိတဲ့ စစ်ဘေးရှောင်တွေကို လက်ခံကူညီစောင့်ရှောက်ပေးတဲ့ ဖလူးဒေသက DKBA တပ်မှူး ဗိုလ်မှူးစောစလုံးစခန်းကိုပါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖလူးစခန်းကို စွန့်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီနောက် ဗိုလ်မှူးစောစလုံးဦးဆောင်တဲ့အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာခဲ့တာဖြစ်ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.