မော်လမြိုင် ၊ ဧပြီ (၂၁)

နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ ဘဝမလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ငါးသိန်းခြောက်သောင်းကျော်အထိ ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)က ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာတော့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း‌ဒေသဖြစ်တဲ့ ချင်းပြည်နယ်၊မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ သုံးသိန်းကျော်ထိရှိလာပြီးလို့ (UNOCHA)က ဧပြီ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေအပါအဝင် လူနေအိမ်၊ အရပ်သားပိုင် အိုးအိမ်ပစ္စည်းတွေနဲ့ အခြားအဆောက်အအုံ ၈၀၀၀ ကျော် ပျက်စီးသွားခဲ့တယ်လို့ ဆိုထားပါတယ်။



နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူတွေဟာ စစ်ရှောင်စခန်းတွေအပြင် နီးစပ်ရာ တောတောင်တွေမှာ တိမ်းရှောင်နေရတာကြောင့် ကျန်းမာရေးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်း စစ်ရှောင်စခန်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ဆေးဝါးပိုင်းကျတော့ အသည်းအသန်လူနာမျိုးတွေကျတော့ ကလေးမြို့ကို အရေးပေါ် ပို့ရတယ်။ဒီမှာက ဖျားတာ၊နာတာလောက်ပဲ ထိုးဆေး၊သောက်ဆေးလောက်ပဲ ရှိတာ။ ကျန်းမာရေးပိုင်းကတော့ အခုမိုးတွင်းကာလဆို ကျွန်တော်တို့ လူဦးရေကလည်းထူ ၂၀၀၀ ကျော်၊ ကျောင်းဝန်းထဲမှာနေရတာဆိုတော့ တဲတွေက ကပ်ပြီး လူဦးရေထူထပ်တဲ့အခြေအနေဆိုတော့ မိုးသီအတွက် ကူးစက်ဝမ်းရောဂါအတွက် စိုးရိမ်စရာရှိတယ်။အဲဒါကြောင့် ဓာတ်ဆားထုပ်တွေ ဆောင်ထားဖို့လိုတယ်။ဒါပေမယ့် အဲဒီဓာတ်ဆားထုတ်တွေကတော့ မဝယ်ရသေးဘူး။အဲဒီ လိုအပ်ချက်တွေတော့ ရှိနေသေးတယ်”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)ကတော့ နေရပ်စွန့်ခွာသူတွေအတွက် မိုးတွင်းကာလမရောက်ခင် ဘေးအန္တရာယ်ကျရောက်နိုင်တဲ့ ဒေသတွေမှာ အရေးပေါ်အခြေအနေတွေ ကြုံလာရင် အချိန်နဲ့တစ်ပြေးညီ ထိရောက်စွာ တုံ့ပြန်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အရင်ရှိနှင့်ပြီးသာ စစ်ဘေးဒုက္ခသည်နဲ့ စစ်တပ် အာဏာသိမ်းပြီးနောက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ နေရပ်စွန့်ခွာသူတွေ ပေါင်းလိုက်ရင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ကိုးသိန်းကျော်ထိ ရှိလာပြီးလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.