မော်လမြိုင် ၊ ဧပြီ (၂၁)

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေကို ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ် ချီးမြှင့်တဲ့အပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။

စစ်ခေါင်းဆောင်ဟာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ဦးဆောင်နာယက ခွန်ဥက္ကာ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ဥက္ကဋ္ဌ ကြာခွန်ဆာ အပါအဝင် တိုင်းရင်းသားလက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင် ၈ ဦးကို ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့တာပါ။

ကေအဲန်ယူပြောခွင့်ရ ပဒိုစောတောနီးကတော့ ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကို စစ်ကောင်စီက ဘွဲ့တံဆိပ်ပေးအပ်တာဟာ အဖွဲ့အစည်းအပေါ် သွေးခွဲတာဖြစ်ပြီး စည်းလုံးညီညွတ်မှုပျက်ပြားအောင် နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့လည်း မှတ်ချက်ပြုပါတယ်။

“ အဖွဲ့အစည်းတခုကို စည်းလုံးမှုပျက်ပြားအောင် နည်းမျိုးစုံနဲ့လုပ်တဲ့ အနေအထားတခု ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ထိုးစစ်တွေဆင်ပြီး တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာ ဘွဲ့ပေးတယ်ဆိုတာက ဒါက လုံးဝ မအပ်စပ်တဲ့ဟာပါ။ မီးစတဖက် ရေမှုတ်တဖက် လုပ်နေတာပါ” လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒီဘွဲ့တံဆိပ်တွေဟာ နိုင်ငံလွတ်လပ်‌ရေးရပြီး ၇၅ နှစ်တာ ကာလအတွင်း နိုင်ငံနဲ့နိုင်ငံသားကောင်းကျိုးကို ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်နိုင်မှုတွေအတွက် ပေးအပ်တာလို့ ဆိုထားပါတယ်။



စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်တဲ့အထဲမှာ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO) ဦးဆောင် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာလည်း ပါဝင်ပါတယ်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ အခုလိုမျိုးဘွဲ့ပေးအပ်တာဟာ တဖက်နဲ့တဖက်အကြား ဆက်ဆံရေး ယုံကြည်မှုပိုကောင်းအောင်လုပ်ဆောင်တဲ့ သဘောမျိုး ဖြစ်တယ်လို့ ပြောပါတယ်။

“ ဆက်ဆံရေးလမ်းကြောင်းတခုလို့ပဲ သဘောထားပါတယ်။ စစ်ကောင်စီက ကျွန်တော်တို့အတွက် ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ပေးတယ်လို့ပဲ ထင်ပါတယ်။ အခြားမှတ်ချက်ပြုစရာ မရှိပါဘူး။ ဆက်သွယ်ရေးလမ်းကြောင်းဆိုတာက အခုလို ဂုဏ်ထူးဆောင်ဘွဲ့ ပေးချင်းအားဖြင့် သူတို့နဲ့ ဆက်ဆံတဲ့အခါမှာ ဆက်ဆံရေး ယုံကြည်မှုပိုကောင်းအောင် လုပ်တဲ့သဘောလို့ ယူဆပါတယ်” လို့
PNLO ဦးဆောင် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘွဲ့တံဆိပ်ချီးမြှင့်တဲ့အပေါ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ဥက္ကဋ္ဌ ကြာခွန်ဆာတို့ကို သံလွင်တိုင်းမ်က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေက စစ်ခေါင်းဆောင်ရဲ့ အခုလုပ်ရပ်ဟာ အဆုံးအဖြတ်တိုက်ပွဲဆင်နွှဲဖို့ အမြင့်ဆုံး အခြေအနေရောက်ချိန်မှာ စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို လိုလားတဲ့ အင်အားစု နှစ်ခုကြားကို စည်းခြားပြလိုက်တာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ကိုယ်သူ ဘွဲ့တံဆိပ်ချီးမြှင့်တာနဲ့ ကွယ်လွန်သွားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်တွေကို ဘွဲ့တံဆိပ် ချီးမြှင့်တဲ့ပေါ် ပြည်သူလူထုအကြား ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.