မော်လမြိုင် ၊ ဧပြီ (၈)

စစ်ကောင်စီဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ ကန့်သတ်ချက်ကြောင့် ရော်ဘာ ဈေးနှုန်း ကျဆင်းလာပြီး ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဟာ ပြည်ပက ရရှိလာတဲ့ နိုင်ငံခြားငွေတွေကို တစ်ရက်အတွင်း မြန်မာငွေနဲ့ မဖြစ်မနေ လဲလှယ်ရောင်းချဖို့ အပါအဝင် နိုင်ငံခြားသုံးငွေတွေကို ပြည်ပကို လွှဲပြောင်းရင်လည်း နိုင်ငံခြားငွေ ကြီးကြပ်မှုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်ရမယ်လို့ ဧပြီ ၃ ရက်နေ့မှာ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ဒေါ်လာဈေးနှုန်း ကန့်သတ်ထားတာကြောင့် ရော်ဘာတစ်ပေါင်ကို ကျပ် ၂၀၀ နီးပါးထိ ဈေးနှုန်း ကျဆင်းလာသလို ဈေးကွက်မှာလည်း ကြိုက်ရောင်း ကြိုက်ဝယ် အခြေအနေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။



ရော်ဘာဈေးနှုန်း ကျဆင်းလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရော်ဘာလုပ်ငန်းရှင် တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ဗဟိုဘဏ် ပေါက်ဈေးက (၁၇၈၀)လောက် သူသတ်မှတ်ထားပေမယ့် အပြင်ဈေးမှာကျတော့ (၂၀၄၀)လောက် ရှိတယ်၊ အဲ့ဒီအချိန်ကာလမှာတော့ ဒီတင်ပို့သူတွေအတွက်က သူတို့က လူးတာလွန့်တာ နည်းနည်း ရှိတယ်ဗျာ၊ အခုကျတော့ ကိန်းသေ သတ်မှတ် လိုက်တဲ့ အချိန်မှာ ပြီးသွားလို့ရှိရင် ဈေးနှုန်းကလည်း (၁၈၅၀)နဲ့ အခါကျတော့ ဒီတင်ပို့သူတွေအတွက်က ဈေးကို လျော့ဝယ်မှဘဲ ကိုက်မယ့်သဘောကို သွားတွေ့ရတယ်ဗျ၊ အဲ့မှာတင် လက်ရှိ အနေအထား အရပေါ့နော် ဈေးဟာ (၂၀၀)နီးပါးလောက် ဟသွားတယ်ဗျာ၊ အဲ့လိုမျိုးပေါ့ သူတို့က ဈေးကို လျော့ဝယ်တဲ့ သဘောမျိုး ပြန်ပြီး တွေ့ရတာပေါ့ဗျာ”လို့ ဆိုပါတယ်။


တဖက်မှာတော့ ရော်ဘာတောင်သူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစု ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်နေတဲ့အချိန်မှာ ရော်ဘာဈေးနှုန်း ကျဆင်းလာတာကြောင့် တွက်ခြေမကိုက်တဲ့ အခြေအနေကို ရင်ဆိုင်နေကြ ရပါတယ်။

မွန်ပြည်နယ်ဟာ ရော်ဘာစိုက်ဧက ငါး သိန်း ကျော်ရှိနေတဲ့ ပြည်နယ် တစ်ခု ဖြစ်ပြီး နှစ်စဉ် ရော်ဘာတန်ချိန် တစ် သိန်းကျော် ထွက်ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.