မော်လမြိုင် ၊ ဧပြီ (၇)

ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ မှတ်ပုံတင် မပါရင် တည်းခိုခွင့် မပြုဖို့ စစ်ကောင်စီက ညွှန်ကြားလာတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ဧပြီ ၁ ရက်နေ့ကစပြီး မှတ်ပုံတင် အစား ‌ထောက်ခံစာတွေပြသပြီး ခရီးသွားလာတာနဲ့ အစစ်ဆေးခံတာတွေကို ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားတာ ဖြစ်ပြီး အခုအခါမှာတော့ ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ မှတ်ပုံတင် မပါရင် တည်းခိုခွင့် မပြုဖို့ ထပ်မံညွှန်ကြားလာတာ ဖြစ်ပါတယ်။

အရင်က ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ မှတ်ပုံတင်အစား ဝန်ထမ်းကဒ်၊ ယာဉ်မောင်းလိုင်စင် ဒါမှမဟုတ် သက်သေခံ အထောက်အထားကဒ် တစ်ခုပါရင် တည်းခိုခွင့် ရရှိကြပါတယ်။

အခုအခါ စစ်ကောင်စီက ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ မှတ်ပုံတင် မပါရင် လုံးဝ တည်းခိုခွင့်မပြုဖို့ ညွှန်ကြားလာလာတယ်လို့ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“ ယာဥ်မောင်းလိုင်စင်ဖြစ်ဖြစ် ၊ ကားလိုင်စင်ပဲဖြစ်ဖြစ် တယောက်ပြရင် ကျန်တဲ့သူတွေပါ တည်းလို့ရပါတယ်။ အခုတော့ စစ်ကောင်စီ လဝက က မှတ်ပုံတင်တခုပဲ သုံးခွင့်ပြုတော့မယ် ဆိုပြီး ကြေညာထားပါတယ်” လို့ ဆိုပါတယ်။



ဒါ့အပြင် မှတ်ပုံတင် မပါဘဲ တည်းခိုခွင့်ပြုတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေကိုလည်း အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်လာခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဟိုတယ်နဲ့ တည်းခိုခန်းတွေ မှတ်ပုံတင် မပါရင် တည်းခိုခွင့်မပြုဖို့ စာလာကပ်သွားတယ်လို့ ဟိုတယ်ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

“ တည်းမဲ့သူနှစ်ဦးရဲ့ မှတ်ပုံတင် မူရင်းနှစ်ခု လိုပါတယ်။ ဒီဧပြီလမှာပဲ ဟိုတယ်မှာ စာလာကပ်သွားလို့ပါရှင့်” လို့ ဆိုပါတယ်။

တဖက်မှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ လာရောက် တည်းခိုသူတွေအတွက် မဖြစ်မနေ ဧည့်စာရင်း တိုင်ဖို့ ညွှန်ကြားထားသလို မှတ်ပုံတင် မပါဘဲ တည်းခိုမှုတွေလည်း ရှောင်တခွင် ဝင်ရောက် စစ်ဆေးတာတွေ လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် ဟိုတယ်နဲ့ တည်းခိုခန်း လုပ်ငန်းတွေ ဆက်လက် ရပ်တည်ဖို့ အခက်အခဲ ရှိတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အခုလို လုပ်ဆောင်ချက်ဟာ ခရီးသွားလုပ်ငန်းအပေါ် များစွာ ထိခိုက်လာနိုင်သလို မြန်မာ့ခရီးသွားလုပ်ငန်းဟာ အဆိုးဝါးဆုံး အခြေအနေ တစ်ရပ်ကို ထပ်မံ ရောက်လာနိုင်တယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေ သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.