မော်လမြိုင် ၊ ဧပြီ (၆)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဈေးမသွယ်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားနဲ့ အချုပ်သားတွေကို ထောင်အာဏာပိုင်တွေက ညှဉ်းပန်းနှိပ်စက်တာတွေ ရှိနေတယ်လို့ ဖမ်းဆီးခံ မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားနဲ့ အချုပ်သားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ညှင်းပန်းနှိပ်စက်တာ၊ အလုပ်ကြမ်း ခိုင်းစေတာနဲ့ ခြိမ်းခြောက်ပြောဆိုတာတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ထောင်ဝင်စာလာတွေ့တဲ့ မိသားစုဝင်တွေကို ထောင်ဝန်ထမ်းတွေက ငွေကြေးတောင်းခံမှုတွေရှိသလို အသုံးအဆောင် ပစ္စည်းနဲ့ အစားအသောက်တွေ ပို့ဆောင်ရာမှာလည်း ထောင်ဝန်ထမ်းတွေက ဖြတ်တောက်ရယူတာတွေ ရှိနေတယ်လို့ ဖမ်းဆီးခံ မိသားစုဝင် တစ်ဦးက ပြောပါတယ်။



ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားနဲ့ အချုပ်သားတွေအတွက် စားစရာနဲ့ အသုံးအဆောင်ပစ္စည်းတွေ ပို့ဆောင်ရာမှာလည်း ထောင်ဝန်ထမ်းတွေကို အနည်းဆုံး ကျပ် ၁၀၀၀၀ နှုန်းပေးဆောင်နေရသလို ဖမ်းဆီးခံ အချုပ်သားတွေကို အလုပ်မခိုင်းခံရဖို့ ထောင်အာဏာပိုင်တွေအား သိန်းနဲ့ချီ ပေးဆောင် နေရတာပါ။

အကျဉ်းထောင် လက်စွဲနဲ့ လုပ်ထုံးလုပ်နည်းတွေအရ အချုပ်သားတွေကို အလုပ်ခိုင်းစေတာတွေ ဆောင်ရွက်ခွင့် မရှိတာကြောင့် အခုလုပ်ရပ်ဟာ ထောင်အာဏာပိုင်တွေက နိုင်ငံရေး အကျဉ်းသားတွေကို အကြောင်းမဲ့ နှိပ်စက်တာ ဖြစ်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို ဆန့််ကျင်ကြောင်း ဆန္ဒထုတ်ဖော်တာကြောင့် ပြည်သူ ၅၀၀ ကျော် ဖမ်းဆီးခံထားရပြီး အဲဒီထဲက အယောက်၂၀၀ ကတော့ အာဆီယံဖိအားကြောင့် လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.