မော်လမြိုင် ၊ ဧပြီ (၅)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် သာဂရမြို့ဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အပါအဝင် စာရေးတချို့ နှုတ်ထွက်လာကြတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့က စစ်ကောင်စီခန့် သာဂရမြို့ဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်နဲ့ အဖေဖြစ်သူ ဦးရွှေဦးတို့ နှစ်ယောက်ကို ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က လုပ်ကြံခဲ့တာပါ၊

စစ်ကောင်စီခန့်ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် လောင်းလုံးမြို့နယ် ခမောင်းတောင်၊ ပန်းတင်အင်း၊ ဝေဒီ၊ စခန်းကြီးအပါအဝင် ကျေးရွာ ၁၅ ရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အပါအဝင် စာရေးတချို့ နှုတ်ထွက်လာကြတာ ဖြစ်ပါတယ်။



စစ်ကောင်စီနဲ့ နီးစပ်သူ တစ်ယောက်ကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အပါအဝင် စာရေးတချို့ ကျန်းမာရေး အကြောင်းပြန်ချက်နဲ့ နှုတ်ထွက်စာ တင်ထားကြသလို တချို့အုပ်ချုပ်ရေးမှူးတွေက စစ်ကောင်စီနဲ့ အဆက်အသွယ် မလုပ်တော့ဘူးလို့ ပြောပါတယ်။

ဒါပေမယ့် စစ်ကောင်စီဘက်ကတော့ နှုတ်ထွက်စာတင်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အပါအဝင် စာရေးတွေကို နှုတ်ထွက်ခွင့်မပေးသေးဘူးလို့ သိရပါတယ်။

လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေအား အမြန်ဆုံးနှုတ်ထွက်ကြဖို့ ဧပြီလ ၁ ရက်နေ့က သတိပေးစာ ထပ်မံ ထုတ်ပြန်ထားပါတယ်။

လောင်းလုံးမြို့နယ်မှာတော့ အခုတစ်ပတ်အတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အပါအဝင် သတင်းပေး ဒလန် ၆ ယောက်ထက်မနည်း ပစ်သတ်ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.