မော်လမြိုင် ၊ ဧပြီ (၅)

ကွင်းဆက် ဖမ်းဆီးမှုတွေ ရှိလာနိုင်တဲ့အတွက်ကြောင့် ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့တွေ နေရာပြောင်း ရွှေ့နေထိုင်ကြဖို့နဲ့ လတ်တလော သုံးစွဲနေတဲ့ ဖုန်းနံပါတ်တွေကို ပြောင်းလဲ သုံးစွဲကြဖို့ CDM ရဲအရာရှိတွေက သတိပေးလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ် ထီးတန်းလမ်းနဲ့ဟုမ်းလမ်းကြားမှာ Free Tiger Ranger တပ်ဖွဲ့ဝင်တွေကို အင်အား အလုံးအရင်းနဲ့ ဝင်ရောက် ပစ်ခတ်ဖမ်းဆီးသွားတာပါ။

အဲဒီလို ဝင်ရောက်ပစ်ခတ်စီးနင်း ဖမ်းဆီးခံရတာကြောင့် PDF ရဲဘော် တစ်ဦး ကျဆုံးပြီး ၆ ဦး ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ဖမ်းဆီးရမိတဲ့ မြို့ပြပျောက်ကြားတပ်ဖွဲ့တွေကနေ တဆင့် PDF ရဲဘော်တွေကို ကွင်းဆက် ဖမ်းဆီးဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။



ဒါကြောင့် မြို့ပြပျောက်ကြားအဖွဲ့တွေအနေနဲ့ နေရာပြောင်းရွှေ့ နေထိုင်ကြဖို့နဲ့ လတ်တလော သုံးစွဲနေတဲ့ ဖုန်းနံပါတ်တွေကို ပြောင်းလဲ သုံးစွဲကြဖို့ CDM ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

“ ဖမ်းဆီးခံထားရသူတွေနဲ့ ဆက်နွယ်နေသူတွေက ချက်ချင်းနေရာ ပြောင်းသင့်တယ်။ ဖုန်းနံပတ်တွေ ပြောင်းသင့်တယ်။ ဒါမှသာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရမှုကနေ အချိန်မှီရှောင်တိမ်းနိုင်မှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ မြို့ပြပျောက်ကြားတပ်ဖွဲ့တွေကို ဖမ်းဆီးခံရတဲ့ PDF ရဲဘော်တွေကနေတဆင့် ကွင်းဆက်လိုက် ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.