မော်လမြိုင် ၊ မတ် (၂၉)

မော်လမြိုင်မြို့အတွင်းက ရွှေဆိုင်တချို့မှာ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး အဖွဲ့က PDF ဆိုပြီး ခြိမ်းခြောက်စာပို့ကာ ငွေကြေး လိုက်လံတောင်းခံနေတယ်လို့ ငွေကြေးတောင်းခံရတဲ့ ရွှေဆိုင်ပိုင်ရှင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပျူစောထီးအဖွဲ့တွေ ငွေကြေးတောင်းခံရာမှာ PDF ဆိုပြီး ကျည်ဆံတစ်တောင့်နဲ့ စာတစ်စောင် ပေးပို့ တောင်းခံတာတွေ ရှိသလို တချို့ ရွှေဆိုင်တွေကတော့ Message နဲ့ Viber တွေက တဆင့် စာပေးပို့ပြီး ငွေကြေး တောင်းခံလာတာ ဖြစ်ပါတယ်။

အဲလို ငွေကြေးတောင်းခံရာမှာတော့ ရွှေဆိုင်တစ်ဆိုင်ကို ငွေကျပ် သိန်း ၁၅၀ စီ ပေးဆောင်ကြဖို့နဲ့ တောင်းခံထားတဲ့ ငွေကြေး မပေးရင် စီးပွားရေး လုပ်ငန်းတွေနဲ့ မိသားစုဝင်တွေကိုပါ အပြင်းအထန် တုံ့ပြန်သွားမယ်လို့ ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

အခုလို ငွေကြေးတောင်းခံလာတဲ့အတွက်ကြောင့် ရွှေဆိုင်တွေက ရဲတပ်ဖွဲ့တွေထံ တိုင်ကြားပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေ စုံစမ်းကြည်ရာမှာတော့ ပျူးစောထီးအဖွဲ့တွေ ဖြစ်တာကြောင့် နှုတ်ပိတ်ခိုင်း ထားတယ်လို့ ရွှေဆိုင်ပိုင်ရှင်တွေနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ပျူစောထီး အဖွဲ့တွေဟာ စစ်တပ် ထောက်ခံသူတွေ၊ စစ်မှုထမ်းဟောင်းတွေ အပါအဝင် ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခု ဖြစ်ပြီး၊ စစ်ကောင်စီတပ်က လက်နက် ထုတ်ပေးထားတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ ပျူစောထီး အဖွဲ့တွေဟာ ကျိုက်ထို၊ ဘီးလင်း၊ ချောင်းဆုံနဲ့ သထုံမြို့နယ် အတွင်းရှိ NLDရုံးတွေကို ဖောက်ခွဲဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့သလို မော်လမြိုင်မြို့ အတွင်းမှာလည်း NLD ပါတီ ထောက်ခံသူ နေအိမ်တွေမှာ ခြိမ်းခြောက်စာ ကပ်တာနဲ့ ဖောက်ခွဲတာတွေ လုပ်ဆောင်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.