ကော့ကရိတ်၊ မတ် ၂၆

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် တပ်မဟာ (၆) စုကလိမြို့အနီးက ထီးကပလာကျေးရွာမှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ပြင်းထန်နေသလို စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ မြေပြင် သတင်းပေးပို့ချက်အရ သိရပါတယ်။

ထီးကပလာကျေးရွာမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းယူဖို့ လာရောက်စဉ် စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံး လေးလုံးကြဲပြီး လေယာဉ်ပေါ်ကနေ စက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် အနီးနားကျေးရွာက ဒေသခံတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ထုတ်ပြန်ထားပါတယ်။

ဒ့ါအပြင် KNU တပ်မဟာ (၆) ဒေါနအရှေ့ဘက်ခြမ်းဘက်မှာလည်း စစ်ကောင်စီတပ်တွေက စစ်ရေးအင်အား ဖြည့်တင်းဖို့ ကြိုးပမ်းနေတာကြောင့် နယ်မြေခံ KNLA ပူးပေါင်းအဖွဲ့နဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။


စစ်ကောင်စီဘက်ကတော့ မတ်လ ၂၁ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ မော်ခီးစခန်းကို ပြန်လည် ရရှိဖို့အတွက် စစ်အင်အား ထပ်မံတိုးချဲ့လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က စစ်အင်အား ထပ်မံတိုးချဲ့လာတဲ့အတွက်ကြောင့် KNU တပ်မဟာ (၆) နေရာအများစုမှာ တိုက်ပွဲတွေ ပိုမို ပြင်ထန်းလာတာ ဖြစ်ပါတယ်။

တိုက်ပွဲ ပြင်းထန်နေတာကြောင့် အခုရက်ပိုင်းအတွင်း KNU တပ်မဟာ(၆) ကော့ကရိတ်မြို့နယ်အတွင်းက ဒေသခံပြည်သူ ၁၀၀၀၀ ကျော် ထပ်မံထွက်ပြေး တိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.