ရန်ကုန်၊ မတ် ၂၆

အာဏာသိမ်း စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီဖျက်သိမ်းအရေးယူမယ်လို့ ခြိမ်းခြောက်လာပေမယ့် ရပ်တည်ချက် ပြောင်းလဲမှာ မဟုတ်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက တုံ့ပြန်လိုက်ပါတယ်။

စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတို့ဟာ ပါတီငွေစာရင်းစစ်ဆေးခံဖို့ ပျက်ကွက်ခဲ့တာကြောင့် မတ် ၂၇ ရက်နေ့ နောက်ပိုင်း အရေးယူသွားမယ်လို့ မတ် ၂၄ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးကတော့ NLD နဲ့ SNLD ပါတီတို့ကို ပါတီငွေစာရင်း စစ်ဆေးခံဖို့ UEC က နှစ်ကြိမ် အကြောင်းကြားခဲ့ပေမယ့် လာရောက် စစ်ဆေးခံဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အဲဒီနှစ်ပါတီခုကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေရဲ့ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးကနေ ဥပဒေနဲ့အညီ လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။



ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကတော့ စစ်ကောင်စီ UEC အနေနဲ့ ပါတီငွေစာရင်း စစ်ဆေးခြင်းရင် ရုံးမှာ လာစစ်ဖို့ဆိုတဲ့ နဂိုရပ်တည်ချက်အတိုင်း ဆက်လက် ရပ်တည်သွားမှာ ဖြစ်ပြီး စစ်ကောင်စီ UEC ရဲ့ ပြောဆိုမှုအပေါ် တစ်စုံတစ်ရာ မှတ်ချက်မပေးလိုဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ SNLD ပါတီအနေနဲ့ကတော့ နဂိုရပ်တည်ချက်အတိုင်း၊ ဆုံးဖြတ်ချက်အတိုင်းပဲ ရပ်တည်သွားမှာဖြစ်ပါတယ်”လို့ SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

စစ်ကောင်စီ ကော်မရှင်ကတော့ ပါတီတွေအနေနဲ့ သတ်မှတ်ရက်အတိုင်း ညွန်ကြားမလိုက်နာရင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂၄ (ဂ)၊(ဃ)၊(င) တို့အရ နိုင်ငံရေးပါတီကို သုံးနှစ်အထိ ယာယီရပ်ဆိုင်းမှုကနေ ပါတီဖျက်သိမ်းတဲ့အထိ အရေးယူခံရနိုင်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အရေးယူဆောင်ရွက်သွားမယ့် ကိစ္စနဲ့ ပတ်သက်ကပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တာဝန်ရှိသူတွေကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အင်တာဗျုး လက်ခံဖြေဆိုခြင်း မရှိပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.