မော်လမြိုင်၊ မတ်လ ၂၆

KNU ထိန်းချုပ်နယ်မြေ တပ်မဟာ (၆) ဒူးပလာယာခရိုင်ထဲကို စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ မြဝတီ-ဝေါလေလမ်းပိုင်း အသုံးပြုမှု ရပ်ဆိုင်းထားဖို့ KNU က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စစ်ကောင်စီတပ်ဟာ KNLA နဲ့ တပ်ပေါင်းစုတွေကို အင်အားသုံး ခြေမှုန်းဖို့အတွက် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ မြဝတီ-ဝေါလေလမ်းပိုင်းကို အသုံးပြုပြီး ပြည်သူလူထုကို အကာအကွယ်ယူကာ တပ်မဟာ(၆) နယ်မြေထဲကို တပ်အင်အား ပို့ဆောင်လျက်ရှိတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့နယ်တောင်းပိုင်နဲ့ လေးကေ့ကော်မြို့သစ်ဒေသမှာ ဝင်ရောက် တပ်စွဲပြီး ပြည်သူလူထုအား နှောင့်ယှက်နေမှုတွေကို ရပ်ဆိုင်းပေးဖို့ စစ်ကောင်စီထံ အသိပေးခဲ့ပေမယ့် အလေးမထားဘဲ တပ်အင်အားတိုးချဲ့လှုပ်ရှားလာတဲ့အတွက်ကြောင့် နည်းမျိုးစုံနဲ့ တုန့်ပြန်ရတော့မယ်လို့ KNU က ဆိုထားပါတယ်။



ဒါကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ မြဝတီ-ဝေါလေလမ်းပိုင်းမှာ မတ်လ ၂၇ ရက်နေ့ကစတင်ပြီး ယာဉ်တွေ ဖြတ်သန်းသွားလာတာနဲ့ ကူးသန်းရောင်းဝယ်တာတွေကို ယာယီရပ်ဆိုင်းထားဖို့ ထုတ်ပြန်ထားပါတယ်။

အခုသတိပေးစာ ထုတ်ပြန်ချက် ပြန်လည်ပယ်ဖျက်တဲ့ ကြေညာချက် မထုတ်မချင်း အတည်ဖြစ်ကြောင်းနဲ့ ပြည်သူလူထုရဲ့ လူမှုရေး၊ စီးပွားရေး၊ စားဝတ်နေရေးလိုအပ်ချက်တွေကို နားလည်ပေမယ့် စစ်ကောင်စီက ပြည်သူလူထုလိုအပ်ချက်တွေကို ခုတုံးလုပ် အကာအကွယ်ယူပြီး အမြတ်ထုတ်နေမှုတွေ ကာကွယ်နိုင်ဖို့ ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်ကူညီဖို့ KNU က မေတ္တာရပ်ခံထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.