မော်လမြိုင် ၊ မတ် (၁၂)

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်းက ပြောပါတယ်။

မတ်လ ၁၁ ရက်နေ့က ပြုလုပ်တဲ့ PPST အစည်းအဝေး အဖွင့်အမိန့်ခွန်းမှာ နိုင်အောင်မင်းက ပြောဆိုခဲ့တာပါ။့ အာဆီယံအထူးကိုယ်စားလှယ်က အပစ်ရပ်အဖွဲ့နဲ့ တွေ့ဆုံလိုကြောင်း ကြားသိရတာကြောင့် ဝမ်းမြောက်စွာ ကြိုဆိုကြောင်းနဲ့ တွေ့ဆုံနိုင်ဖို့အတွက် ကြိုးပမ်းစီစဉ်နေတယ်လို့ နိုင်အောင်မင်းက ပြောပါတယ်။

ဒါ့အပြင် အထွေထွေနိုင်ငံရေး အကျပ်အတည်းဖြေရှင်းရေးအတွက် နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေဖြစ်တဲ့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ ဂျပန်နိုင်ငံအထူးကိုယ်စားလှယ်တို့ရဲ့ ပြည်တွင်းခရီးစဉ်ကိစ္စတွေကိုလည်း ဒီအစည်းအဝေးမှာ သုံးသပ်ဆွေးနွေးဖို့ ရှိတယ်လို့ သူက ဆိုပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်လည်း ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး ပရက်ဆော့ခွန်းဟာ လာမယ့် မတ်လ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ သုံးရက်တာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေတာပါ။

သူရဲ့ မြန်မာပြည်ခရီးစဉ်မှာတော့ ပါဝင်ပတ်သူ အားလုံးနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ပြောဆိုထားတာပါ။

ဒါပေမယ့် စစ်ကောင်စီကတော့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည် ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ပေးမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.