မော်လမြိုင် ၊ မတ် (၁၂)

ရန်ကုန်က အထည်ချုပ်စက်ရုံတွေဟာ ဒီဇယ်ဆီ အလွယ်တကူ ဝယ်ယူလို့ မရတာကြောင့် အထည်ချုပ်လုပ်ငန်းတွေ ဆက်လက် လည်ပတ်ဖို့ အခက်ကြုံနေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ရန်ကုန်က အထည်ချုပ်စက်ရုံတွေဟာ လျှပ်စစ်မီး မမှန်တာကြောင့် မှာယူထားတဲ့ အော်ဒါတွေ ပြီးစီးဖို့အတွက် ဒီဇယ်ဆီတွေကို အဓိက အသုံးပြုပြီး လုပ်ငန်း လည်ပတ်နေရတာပါ။

ဒါပေယ့် မတ် ဒုတိယအပတ်ကစပြီး ဒီဇယ်ဆီ အလွယ်တကူ ဝယ်ယူလို့ မရတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီဇယ်ဆီ မရောင်းပေးရင် လုပ်ငန်းတွေ ရပ်နားဖို့ စဉ်းစားထားတယ်လို့ အထည်ချုပ်လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“ ကိုက်တယ် မကိုက်တယ်ဆိုတာထက် လုပ်ငန်းအရင်ပြီးအောင် လုပ်နေရတယ်။ လက်ရှိမှာတော့ ဒီဇယ်နဲ့ပဲ လည်ပတ်နေရတယ်။ ဒီဇယ်ကို မပေးနိုင်ဘူး မရောင်းနိုင်ဘူး မသွင်းနိုင်တော့ဘူးဆိုရင်တော့ ရပ်ဖို့ စဥ်းစားရတော့မှာပေါ့” လို့ ဆိုပါတယ်။

အထည်ချုပ်လုပ်ငန်းရှင်တွေဟာ ဒီဇယ်ဆီ ရရှိရေးအတွက် ရွှေလင်ဗန်းစက်မှုဇုန် ကော်မတီကို တင်ပြထားပြီး ကော်မတီက ပိုက်ဆံကြိုသွင်းဖို့ ပြောဆိုလာတဲ့အတွက်ကြောင့် အခက်ကြုံနေရတာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး အထည်ချုပ်စက်ရုံ မန်နေဂျာ တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ ကျွန်တော်တို့ တင်ထားတဲ့ တစ်လစာ ဂါလံ (၄၀၀၀) ဆိုရင် အဲ့ဒီအတွက်အားလုံး ပိုက်ဆံကြိုသွင်းရမယ်လို့ ပြောတယ်။ လုပ်ငန်းရှင်တွေက ပိုက်ဆံကြိုသွင်းရမယ်ဆိုရင် မဖြစ်နိုင်ဘူး။ အခုတောင် မနည်းရုန်းကန်နေရတာ။ပြီးတော့ ဂါလံ (၄၀၀၀)လုံး ထုတ်ယူရမယ်ဆိုတော့ စက်ရုံမှာ အဲ့လောက် ပမာဏကို သိုလှောင်ဖို့ ဆီလှောင်ကန်တွေ မရှိဘူး” လို့ ဆိုပါတယ်။

အထည်ချုပ်လုပ်ငန်းတွေ ဒီဇယ်ဆီ ဝယ်ယူလို့ မရရင် အလုပ်သမားတွေကို လစာမဲ့ခွင့်နဲ့ ရပ်နားရမှာ ဖြစ်တာကြောင့် အလုပ်လက်မဲ့နှုန်း ပိုမိုမြင့်တက်လာနိုင်တယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

လက်ရှိမှာတော့ ဒီဇယ်ဆီဈေးနှုန်းဟာ တစ်လီတာကို ကျပ် ၂၅၀၀ ကျော်ထိဈေးနှုန်း မြင့်တက်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ အထည်ချုပ် လုပ်ငန်းအပေါ် မှီခိုလုပ်ကိုင်နေကြတဲ့ အလုပ်သမား ၇ သိန်းကျော် ရှိတာ ဖြစ်ပြီး စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ အလုပ်သမား ၂ သိန်းကျော် အလုပ်လက်မဲ့ ဖြစ်သွားခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.