မော်လမြိုင် ၊ မတ် (၁)

မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း မှောင်ခိုဈေးကွက် ပိုမို ကြီးထွားလာတာကြောင့် SME လုပ်ငန်း အထိနာနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော် ကာလအတွင်း ဆောက်လုပ်ရေး လုပ်ငန်းသုံး ကုန်ပစ္စည်းတွေ၊ စားသောက်ကုန်တွေ အပါအဝင် တခြား ကုန်ပစ္စည်းတွေကို မှောင်ခိုဈေးကွက်ကနေ အဓိက တင်သွင်းလာကြတာပါ။

စစ်တပ် အာဏာသိမ်းပြီးနောက် နယ်စပ် ကုန်သွယ်ရေးဂိတ် ပိတ်ထားတာ ၊ကုန်ပစ္စည်းတချို့ တင်သွင်းခွင့် ကန့်သတ်ခံရတာ စစ်ကောင်စီက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ပိုမို တင်းကြပ်လာကြောင့် မှောင်ခိုဈေးကွက် ကြီးထွားလာခဲ့တာ ဖြစ်ပါတယ်။

ဒေသအတွင်းက SME ထုတ်ကုန်တွေဟာ မှောင်ခိုးဈေကွက်ကနေ အခွန်မဆောင်ဘဲ တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေနဲ့ နှိုင်းယှဉ်ရင် ဈေးကွက်မှာ မယှဥ်နိုင်ဘဲ အဘက်ဘက်ကနေ ကုန်ကျစရိတ် ကြီးမြင့်မှုကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒါကြောင့် မှောင်ခိုဈေးကွက် ပိုမို ကြီးထွားလာရင် ဒေသတွင်း SME ထုတ်ကုန်တွေ မယှဉ်နိုင်ဘဲ ရေရှည်မှာ SME လုပ်ငန်းတွေ ပြိုလဲလာနိုင်တယ်လို့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“တော်တော်လေတော့ ဒီကာလ အတွင်းမှာလေ အရင်ထက် စာလို့ရှိရင်တော့ (၁)ဆခွဲ (၂)ဆလောက် တက်တယ်၊ အရင် (၁၀၀)ဖိုး သွင်းရင် နောက် အခု(၂၀၀)ဖိုး (၃၀၀)ဖိုး ဖြစ်နေပြီး၊ အဲ့လိုမျိုးတော့ ဖြစ်နေပြီး ဘာလို့ဆို ကျွန်တော်တို့ ယှဉ်မထုတ် နိုင်တဲ့အခါကျတော့ သွင်းတယ်၊ သွင်းတဲ့ အခါကျတော့ ကြာလာတော့ ဒီလိုပဲ မုန့်လုံး စက္ကူကပ်ပြီးတော့ လုပ်ငန်းရှင်တွေ အတွက်က တအား ခက်ခဲတာပေါ့နော် ယှဉ်ပြိုင်ဖို့ ဈေးကွက် ၊ ယှဉ်ပြိုင်ပြီးတော့ သူတို့ပစ္စည်းတွေနဲ့ ဖိုက်နိုင်ဖို့ ဆိုတာကျတော့ အရမ်း ကွာသွားတာပေါ့၊ ကွာသွားတာကြောင့် ရေရှည်မှာကျတော့ ဒီလို မှောင်ခိုဈေးကွက် ကြီးကြီးလာတာကတော့ မကောင်းဘူးပေါ့နော် SMEတွေ အတွက် ဆိုရင်တော့ ထိတယ်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒေသအတွင်းက SME ထုတ်ကုန်တွေဟာ မှောင်ခိုပစ္စည်းတွေနဲ့ ဈေးကွက် မယှဉ်နိုင်တာကြောင့် လုပ်ငန်းတချို့ ရပ်နားလာသလို တချို့လုပ်ငန်းတွေ ဆက်လက် ရပ်တည်ဖို့ မနည်းကြိုးပမ်းနေရတာ ဖြစ်ပါတယ်။

နိုင်ငံအတွင်းမှာ အခုလို မှောင်ခိုဈေးကွက် ပိုမိုကြီးထွားလာအောင် အာဏာသိမ်း စစ်ကောင်စီကပဲ တွန်းအားပေးနေတာလို့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဝေဖန်လိုက်ပါတယ်။

“အကုန်လုံးက ပွင့်ပွင့်လင်းလင်း ပြောရင် လမ်းပေါ်မှာ ခိုးပြီးစားနေမှပဲ အဆင်ပြေတဲ့ ဘဝ ရောက်နေတယ်၊ သူတို့က တရားဝင် နယ်စပ်ကနေ စားသောက်ကုန်တွေ သွင်းခွင့် မပေးထားဘူးလေ၊ တရားဝင် စားသောက်ကုန်တွေ နယ်စပ်က သွင်းခွင့် မပေးထားဘဲနဲ့ တနိုင်ငံလုံးမှာ ရှိတဲ့ ခေါက်ဆွဲထုတ်က အစ ထိုင်းပစ္စည်းတွေ ဘယ်လို ရောက်နေလဲ၊ အဲ့ဒီ ခေါက်ဆွဲထုတ်တွေ ထိုင်းပစ္စည်းတွေ အကုန်လုံးက တရားဝင် အခွန်ဆောင်ခွင့် မပေးထားဘူးလေ၊ သူတို့က တရားဥပဒေအရ ဘာမှ မပေးထားဘူး၊ ဒါပေမယ့် တစ်နိုင်ငံလုံးမှာ ဘာလို့ ထိုင်းပစ္စည်းတွေ သူတို့လည်း အခွန်မရဘူး၊ ကိုယ်တို့လည် ဘာမှ မဖြစ်ဘူး၊ လမ်းမှာရှိတဲ့ ဂိတ်တွေပဲ အဆင်ပြေ သွားကြတာ၊ တရားမဝင် အလုပ်လုပ်မှဘဲ ဒီအစိုးရနဲ့က အဆင်ပြေတာ၊ ဒီအစိုးရက လူတွေကလည်း မခိုး ခိုးအောင် လုပ်နေတာ”လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ မှောင်ခိုပစ္စည်းတွေကို ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံက အများဆုံး တင်သွင်းနေတာ ဖြစ်ပါတယ်။

အဲဒီထဲမှာတော့ စားသောက်ကုန်၊ အလှကုန်၊ ဆေးဝါးနဲ့ တခြား လူသုံးကုန် ပစ္စည်းတွေ အများဆုံး ဝင်ရောက်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.