မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၅)

စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာ့ငွေကြေးတန်ဖိုး ဆက်တိုက်ကျဆင်းလာမှုနဲ့အတူ သွင်းအားစုကုန်ပစ္စည်းတွေ ဈေးနှုန်း ထပ်မံ မြင့်တက်တာကြောင့် စီးပွားရေးလုပ်ငန်းတွေ လည်ပတ်ဖို့ ပိုမို အခက်ကြုံနေရတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့ငွေကြေးတန်းဖိုး ဆက်တိုက်ကျဆင်းလာပြီး တစ်ဒေါ်လာကို ကျပ် ၁၃၀၀ ကနေ ၁၉၀၀ နီးပါးထိ ဈေးနှုန်းမြင့်တက်လာသလို ထိုင်း တစ်ဘတ်ကို ကျပ် ၄၀ ကနေ ၆၀ ထိ၊ တရုတ်ယွမ်ငွေကလည်း ကျပ် ၂၀၀ ကနေ ၃၀၀ နီးပါးထိ ဈေးနှုန်းမြင့်တက်လာခဲ့တာပါ။

မြန်မာငွေ တန်းဖို ကျဆင်းပြီး ငွေးကြေးဖောင်းပွလာတာကြောင့် လုပ်ငန်းအများစု ဆက်လက် ရပ်တည်ဖို့ အခက်ကြုံနေရပြီး၊ ဝန်ထမ်းလစာ ပေးနိုင်ဖို့ပင် မနည်းကြိုးပမ်းနေရတယ်လို့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“ကိုယ်တို့ စီးပွားရေး လုပ်ငန်းရှင်တွေ အကုန်လုံးက ဒါပွင့်ပွင့်လင်းလင်း ပြောရင် အကြွေးတွေ ဗရပွနဲ့ ရှိသမျှ စီးပွားရေး လုပ်ငန်းတွေ အကုန်လုံးက အကုန်လုံး ယိုင်နှဲ့ပြီးတော့ အကြွေးတွေ ဗရပွနဲ့၊ အခုဟာဆိုရင် ဝန်ထမ်းလစာတောင် မနည်းရအောင် ရှာနေရတယ် ဆိုတဲ့ သဘော ဖြစ်နေတာပေါ့၊ လုပ်စရာ အလုပ်တွေလည်း မရှိကြတော့ဘူးကွာ အဲ့လိုဖြစ်နေတာ”လို့ ဆိုပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ငန်းအများစုဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း လုပ်ငန်းလည်ပတ်ရုံမျှသာ ဆောင်ရွက်နေကြပြီး တချို့လုပ်ငန်းတွေကတော့ အပြီးပိုင် ရပ်နားလိုက်ရတဲ့ အခြေအနေထိ ဖြစ်ပေါ်လာတာပါ။

စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကတော့ အခု အခြေအနေဟာ လုပ်ငန်းတွေ မပျောက်ကွယ်သွားအောင် ထိန်းပြီး လုပ်နေရတဲ့ အနေအထားထိ ရောက်ရှိလာတယ်လို့ ပြောပါတယ်။

မွန်ပြည်နယ် စီးပွားရေးဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း ၄၀ ရာခိုင်နှုန်းထက်မနည်း ကျဆင်းလာပြီး၊ အလုပ်လက်မဲ့ဖြစ်ပွားနှုန်းကလည်း ဆက်လက် မြင့်တက်လာနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.