ရေး၊ ဖေဖော်ဝါရီ ၄

မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်စံပြကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် အပါအဝင် ၁၀ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်ဟာ ဖေဖော်ဝါရီ ၂ ရက်နေ့ မနက်ပိုင်းက ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်မှာ ပြုလုပ်တဲ့ နိုင်လွန်ကတ္တရာ လမ်းဖွင့်ပွဲအပြန်မှာ သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။

ဦးမောင်မြင့် သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်ညိုလေး အပါအဝင် ဒေသခံ ၁၀ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူ ၁၀ ဦးကို စစ်ကောင်စီတပ်က ဘာကြောင့် ဖမ်းဆီးသွားလဲဆိုတာ မသိရသေးသလို လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်အသွယ်မရသေးပါဘူး။

သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရတဲ့ ဦးမောင်မြင့်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ အမတ်လောင်း တစ်ဦးလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.