သထုံ၊ ဒီဇင်ဘာ ၈

သထုံမြို့နယ်အတွင်းက ကျေးရွာရပ်ကွက်တွေမှာ စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ နေရာတွေကို မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့က ဆက်တိုက် ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။

ဒီဇင်လ ၈ ရက်နေ့ မနက် ၉ နာရီခန့်က နန်းခဲရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာအဖွဲ့ရုံးအုတ်စည်းရိုးနားမှာ ဗုံးဖောက်ခွဲခဲ့ပြီး ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့ နေ့လည် ၁ နာရီကျော်မှာ မြေနီကုန်းကျေးရွာ တောစွန်းရှိ ရန်ကုန်-မော်လမြိုင် မီးရထားလမ်းဗုံးခွဲခံရပြီး ရထားသံလမ်း တစ်ပေကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါနေ့ နေ့လည် ၂ နာရီခန့်မှာ ဘင်လှိုင်ရပ်ရှိ မိုင်တဲရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး ကားတစ်စီးထိခိုက်ပျက်စီးကာ ရုံးအစောင့်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ညနေ ၆ နာရီကျော်ခန့်မှာလည်း နန်းခဲရပ်ကွက်၊ ရဲစခန်းနားရှိ မိုင်တဲတာဝါတိုင်မှာ ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ညပိုင်းတွေမှာလည်း မြို့ပေါ်ရပ်ကွက်နေရာ ၂ ခုမှာ ဗုံးပေါက်ကွဲမှုတွေ ထပ်မံဖြစ်ပေါ်ခဲ့သေးတယ်လို့ သိရပါတယ်။

ညပိုင်းဗုံးပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ရမ်းသမ်း ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

“ဒီမနက်နဲ့မနေ့က ဗုံးတွေ ဆက်တိုက်ကွဲတယ်။ အဲဒါပြီးတော့ သေနတ်သံတွေလဲ ကြားတယ်။ ပြီးခဲ့တဲ့ရက်တွေကလည်း ဗုံးတွေ ဆက်တိုက်ကွဲတာရှိတယ်။ ဒီရက်ပိုင်းမှာဘဲ ဗုံးပေါက်ကတာဆို ၁၀ ကြိမ်တဲ့ မနည်းရှိနေပြီ။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားပြီးနောက်ပိုင်း သိမ်ကုန်းရပ်ကွက်ရှိ ဆိုင်ကယ်ပြင်ဆိုင်တစ်ခုမှ လူငယ် ၃ ဦးနဲ့ပေါ်တော်မူကျေးရွာရှိ Smile စားသောက်ဆိုင်မှာ စားသောက်နေသူ ၉ ဦးခန့် အဖမ်းခံရတယ်လို့ သိရပါတယ်။

အဆိုပါ ဗုံးဖောက်ခွဲမှုတွေကို မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့(MTHSF)က လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ဆက်လက် မလည်ပတ်နိုင်ဖို့ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.