မော်လမြိုင် ၊ ဒီဇင်ဘာ (၈)

တိုက်ပွဲတွေကြောင့် တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဖာပွန်ခရိုင်ထဲက စစ်ဘေးရှောင်ပြည်သူတွေဟာ အခုဆောင်းရာသီကာလမှာ ရာသီဥတုအအေးဒဏ်ကြောင့် အနွေးထည်နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။

ဖာပွန်ခရိုင်ထဲမှာ စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ ၈၀၀၀၀ ကျော်ရှိနေတာ ဖြစ်ပါတယ်။

တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေမှာ အမိုးအကာမလုံတဲ့အတွက်ကြောင့် ရာသီဥတု အအေးဒဏ်ကို အကြီးအကျယ် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ရာသီဥတုအေးစက်မှုတွေကြောင့် စစ်ရှောင်သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာ ပိုမိုအခက်ကြုံနေရတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN)က ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောလေးကပေါ်က ဆိုပါတယ်။

“ လက်ရှိက အမိုးအကာ မလုံလောက်တဲ့ ပြဿနာတွေရှိတယ်။ ဆောင်းကအေးလာပြီးဆိုတော့ ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် တော်တော်ခက်ခဲတယ်။ အစားအစာနဲ့ ဆေးဝါး မလုံလောက်တော့ ကျန်းမာရေးပြဿနာကလည်း အဓိကကျပါတယ်” လို့ ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ တောထဲမှာပုန်းရှောင်နေရတာကြောင့် လုံခြုံစွာနေထိုင်နိုင်ဖို့အတွက် တာလပတ် စတဲ့ အသုံးအဆောင်ပစ္စည်းစတာတွေအပြင် ကျန်းမာရေးအတွက် ဆေးဝါးနဲ့ အစားအသောက်တွေ လိုအပ်ချက်တွေ ရှိနေပါတယ်။

နယ်စပ်ဒေသကနေတစ်ဆင့် အကူအညီအချို့ရရှိခဲ့ပေမယ့်လည်း ပိုမိုတိုးများလာနေတဲ့ အစားအစာလိုအပ်ချက်ကို လုံလောက်အောင် ဖြေရှင်းပေးနိုင်ခြင်းမရှိဘူးလို့ KPSN က ဆိုပါတယ်။

ဖာပွန်ခရိုင်ထဲမှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၅ တို့အကြား စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံပြည်သူတွေဟာ နီးစပ်ရာတောတောင်နဲ့ နယ်စပ်ဒေသတွေဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဒီကနေ့အထိထက်တိုင် နေရပ်ကို မပြန်နိုင်သေးပါဘူး။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဟာ နေ့စဉ်ဆိုသလို ဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီဘက်က ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်တာနဲ့ ကျေးရွာတွေထဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.