မော်လမြိုင် ၊ ဒီဇင်ဘာ (၇)

တရုတ်နိုင်ငံက ဖရဲသီး မဝယ်သေးတဲ့အတွက်ကြောင့် မွန်ပြည်နယ်ထွက် ဖရဲသီးတွေဟာ ပြည်ပဈေးကွက်ပျောက်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဖရဲစိုက်တောင်သူတွေက ပြောပါတယ်။

မွန်ပြည်နယ်ဟာ ထွက်ရှိနေတဲ့ ဖရဲသီးကို တရုတ်ဈေးကွက်အား အဓိက တင်ပို့ရောင်းချနေရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံက မြန်မာနိုင်ငံနယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းတချို့ကို ပြန်လည် ဖွင့်လှစ်လိုက်ပေမယ့် ဖရဲသီးမဝယ်သေးလို့ အခက်ကြုံနေတာ ဖြစ်ပါတယ်။

တရုတ်က ဖရဲသီးမဝယ်သေးလို့ ပြည်တွင်းဈေးကွက်မှာ ရောင်းချနေရမယ့် ရောင်းလိုအားထိုးကျမှုကို ရင်ဆိုင်နေရသလို ကုန်ကျစရိတ်ပြန်ရဖို့မပင် မနည်းကြိုးပမ်းနေရတယ်လို့ ဖရဲစိုက်တောင်သူ တစ်ဦးက ပြောပါတယ်။

“ လက်ရှိကတော့ ပွဲရုံတွေကိုလည်း ဖုန်းဆက်တော့လည်း မလာသေးပါနဲ့ အခြေအနေ မကောင်းသေးဘူးတဲ့ ။ ခုတော့ စိုက်တဲ့စရိတ်နဲ့ မြေသြဇာစရိတ်နဲ့ လှိမ့်ပိတ်ပြီးတော့ နေနေရတယ်” လို့ ဆိုပါတယ်။

ပြည်တွင်း ဖရဲသီးဈေးကွက်မှာလည်း စစ်တပ် အာဏာသိမ်းပြီးနောက် ဝယ်ယူစားသုံးသူ နည်းပါးလာတဲ့အတွက်ကြောင့် အရင်ကထက် ရောင်းလိုအား ၃ ဆနီးပါး ကျဆင်းလာတာ ဖြစ်ပါတယ်။

ပြည်တွင်းမှာတော့ ဖရဲသီးဈေးနှုန်းဟာ အရွယ်အစားအပေါ် မူတည်ပြီး တစ်လုံးကို ကျပ် ၂၀၀၀ ကနေ ကျပ် ၅၀၀၀ လောက်ထိ ပေါက်ဈေးရှိနေပေမယ့် ဝယ်ယူစားသုံးသူ နည်းပါးနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီအခြေအနေအတိုင်းသာ ဆက်လက် ရင်ဆိုင်နေရမယ်ဆိုရင် ဖရဲစိုက်ပျိုးသူတွေ ရှိတော့မှာ မဟုတ်ဘူးလို့ ဖရဲသီးကုန်သည်တွေက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ဖရဲသီးကို မော်လမြိုင်၊ ကျိုက်မရောနဲ့ ပေါင်မြို့နယ် အပါအဝင် မြို့နယ်အများစုမှာ စိုက်ပျိုးနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.