မော်လမြိုင် ၊ အောက်တိုဘာ (၂၇)

ထိုင်းနိုင်ငံက စည်းကမ်းတွေ တင်းကြပ်ထားတဲ့အတွက်ကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်တာတွေ မလုပ်ကြဖို့ အလုပ်သမားအရေး ကူညီနေသူတွေက တိုက်တွန်းလိုက်ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံဘက်ကို ပွဲစားတွေကတဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်လာတဲ့ အတွက်ကြောင့် နေ့စဉ်နဲ့အမျှ ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဘက်ကတော့ နယ်စပ်လုံခြုံရေးကို တင်းကြပ်ထားပြီး နယ်စပ်ကျော်ဖြတ် ဝင်ရောက်လာသူတွေကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု၊ ကိုဗစ်-၁၉ ကာလအရေးပေါ်အခြေအနေ ဖောက်ဖျက်ကျူးလွန်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ် အရေးယူနေပြီး ပြစ်ဒဏ်ချမှတ်ပြီးရင်လည်း နေရပ်ပြန်ပို့ဖို့ လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့် အခုကာလမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်တာတွေ မလုပ်ကြဖို့ မြန်မာရွှေ့ပြောင်းအလုပ်သမား အရေးကူညီနေသူတွေက တိုက်တွန်းလိုက်ပါတယ်။

“အလုပ်သမားတွေကို ပြောချင်တာက ထိုင်းနိုင်ငံမှာလည်း သူ့ ဥပဒေတွေနဲ့ စည်းကမ်းတင်းကျပ်နေတယ်။နယ်စပ်တွေမှာလည်း လုံခြုံရေးတွေ ချထားတယ်။ မိသွားရင်  ထောင်ချမယ်။ တရားမဝင်လမ်းကြောင်းကနေ ပွဲစားတွေကဆင့်လာတာက အန္တာရယ်သိပ်များတယ်။ ဖမ်းခံလဲထိမယ် ပိုက်ဆံလည်းကုန်မယ်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထိုင်းနိုင်ငံဟာ နယ်စပ်တွေမှာ လုံခြုံရေး တင်းကြပ်ထားသလို နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူတွေကို ဆက်တိုက်ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် လက်ရှိကာလမှာလည်း ထိုင်းနိုင်ငံမှာ အလုပ်ရဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။

 ဒါကြောင့် ဒီကာလမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနနဲ့ ထိုင်းနိုင်ငံကို အလုပ်လာလုပ်မယ်ဆိုရင် သေချာ စုံစမ်းမေးမြန်းပြီးမှသာ တရာဝင်းလမ်းကြောင်းက လာကြဖို့ တိုက်တွန်းတာပါ။

“ ဒီကာလမျိုးမှာ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ချင်တယ်ဆိုရင် သတင်းအချက်အလက်တွေကို သေချာစုံစမ်းမေးမြန်းပြီးမှ တရားဝင်လမ်းကြောင်းကနေ လာသင့်တယ်လို့ အကြံပေးချင်ပါတယ်”လို့ ရွှေ့ပြောင်းလုပ်သားအရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်၊ ဆမွတ်စခွန်၊ နခွန်ပထုံ၊ ဆာရာဘူရီ၊ ချွန်ဘူရီနဲ့ ကန်ချနာဘူရီဒေသတွေမှာ အလုပ်လုပ်ကိုင်နိုင်ဖို့ တယောက်ကို ပွဲစားခဘတ် ၁၇,၀၀၀ ကနေ ၂၀,၀၀၀ ကြားပေးပြီး ဖြတ်ကျော်ဝင်ရောက်နေတာ ဖြစ်ပါတယ်။ အဲလို ဝင်ရောက်မှုတွေကြောင့် ဖမ်းဆီးခံနေရသလို ပွဲစားခ ပိုက်ဆံတွေလည်း ဆုံးရှုံးနေတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်လာတဲ့အတွက်ကြောင့် လက်ရှိအချိန်ထိ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၀၀၀ နီးပါးဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.