မော်လမြိုင်၊ အောက်တိုဘာ ၂၆

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းမပေါ်မှာရှိတဲ့ လွတ်ရှမ်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေက နေရာယူထားဆဲဖြစ်တဲ့အတွက် တိုက်ပွဲတွေပြန်လည်ဖြစ်ပွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ လွတ်ရှမ်းရွာရဲ့ ကေအဲန်ယူစစ်ဆေးရေးဂိတ်မှာ နေရာယူတပ်စွဲထားပြီး ဒီကနေ့ မနက်ပိုင်းက အဲ့ဒီရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တချို့ သံဖြူဇရပ်ဘက်ကို ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနက်က တဖွဲ့တွေ့လိုက်တယ် ပြန်တာ။ မကုန်သေးဘူး။ ရှိသေးတယ်။ သူတို့ရှိနေတော့ ပြန်ပစ်ကြမှာကို စိုးရိမ်နေကြတာ။ မပြန်ရင်တော့ ပစ်မှာသေချာပဲ။ ပြန်စေချင်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၂၀ ရက်နေ့က လွတ်ရှမ်းရွာမှာ KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် လွတ်ရှမ်းရွာ ကေအဲန်ယူစစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က ဒီကနေ့အချိန်အထိ တပ်စွဲနေရာယူထားခဲ့တာပါ။



ကေအဲန်ယူထိန်းချုပ်နယ်မြေ လွတ်ရှမ်းရွာထဲကို စစ်ကောင်စီဘက်က အင်အားအများအပြားနဲ့ ကျူးကျော်ဝင်ရောက်လာလို့ အင်အားမသာတဲ့အတွက် KNLA တပ်ဖွဲ့ဝင်တွေက လုံခြုံရေးဂိတ်ကနေ ဆုတ်ခွာပေးခဲ့ရတာလို့ ဒေသခံတွေက ဆိုပါတယ်။

ကနဦးကတော့ တိုက်ပွဲဖြစ်ပွားပြီးတဲ့ လွတ်ရှမ်းရွာမှာ အလွန်ဆုံး သုံးရက်လောက်သာ နေထိုင်သွားမှာဖြစ်ပြီး သုံးရက်ပြည့်ပြီးရင်တော့ ပြန်လည်ထွက်ခွာသွားမယ်လို့ ပြောခဲ့ပေမယ့် ဒီကနေ့အချိန်အထိတော့ စစ်ကောင်စီတပ်ဖွဲ့တွေအားလုံးဟာ ပြန်လည်ရုတ်သိမ်းတာတွေ မတွေ့ရသေးပါဘူး။

မနေ့က စစ်ကောင်စီတပ်ဖွဲ့တွေက ဒေသခံတွေရဲ့ ဆိုလာပြားတွေကို ယူဆောင်သွားခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ ပြန်လည်ပေးအပ်ခဲ့တယ်လို့ ကြားသိရပါသေးတယ်။

လွတ်ရှမ်းရွာတိုက်ပွဲကြောင့် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒေသခံတွေကလည်း ထွက်ပြေးတိမ်းရှောင်နေရတာတွေရှိတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကေအဲန်ယူ ဝင်းရေးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းမပေါ်မှာရှိတဲ့ အနန်း သံပုရာ ခုံခံဘက်မှာလည်း အောက်တိုဘာ ၂၀ ရက်နေ့က နှစ်ဖက်စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့သေးတာဖြစ်ပြီး အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ယာယီတပ်ရင်းမှူးအပါအဝင် ၆ ဦး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.