မော်လမြိုင် ၊ အောက်တိုဘာ (၂၅)

မြန်မာနိုင်ငံ တောင်ပိုင်း ဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး အဖွဲ့တွေက အခုရက်ပိုင်းအတွင်း အကြမ်းဖက်လုပ်ရပ်တွေ ဆက်တိုက် လုပ်ဆောင်လာနေပါတယ်။

ပျူစောထီးအဖွဲ့တွေဟာ ဒီရက်ပိုင်းအတွင်း မွန်ပြည်နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မြို့နယ်ရုံး ၃ ရုံးနဲ့ ထားဝယ်ခရိုင်က NLD ပါတီရုံးကို မိုင်းခွဲ ဖျက်ဆီးခဲ့တာ ဖြစ်ပြီး ရေဖြူမြို့နယ် NLD ရုံးအရှေ့မှာလည်း အရပ်သားပြည်သူတစ်ဦးကို ခေါင်းဖြတ် သတ်ဖြတ်ပြီး လာရောက် ချိတ်ဆွဲခဲ့ပါတယ်။

ပျူစောထီးအဖွဲ့တွေရဲ့ အကြမ်းဖက် လုပ်ရပ်ဟာ ပြည်သူလူထုတွေကို ခြိမ်းခြောက်လာတာ ဖြစ်လို့ လုံခြုံရေးအတွက် စိုးရိမ်မှု ရှိနေရတယ်လို့ အရပ်သားပြည်သူ တစ်ဦးက အခုလို ပြောပါတယ်။

“ဒီရက်ပိုင်းထဲမှာပဲ NLDရုံးတွေ ဗုံးခွဲခံထိတယ် မနေ့ကဆိုလို့ရှိရင်လည်း မော်လမြိုင်မှာ ဗုံးပေါက်တယ်လို့ ကြားတယ်၊ အဲ့လိုကိစ္စမျိုးတွေ ခပ်စိတ်စိတ် ဖြစ်လာတာပေါ့လေ။ ဒါက ဗုံးပေါက်တယ် ဆိုတာက PDFတွေရဲ့ လက်ချက် မဟုတ်ပဲနဲ့ ပျူစောထီးတွေရဲ့ လက်ချက် ဖြစ်နေတယ်ပေါ့၊ အဲ့လို ဖြစ်လာတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ကတော့ ပြည်သူအတွက်ကို စိုးရိမ်တယ်၊ PDFတွေကတော့ ရှင်းတယ် စစ်ကောင်စီရဲ့ ခြေတံလက်တံတွေကို သူတို့က ဖြတ်တယ်၊ အခု ပျူစောထီးတွေက ပြည်သူလူထုတွေရဲ့ အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက် လာနိုင်တယ်” လို့ ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။



ပျူစောထီးအဖွဲ့တွေဟာ စစ်တပ်ကို ဆန့်ကျင်တဲ့ နေအိမ်တွေကို ဗုံးခွဲတိုက်ခိုက်တာ၊ အရပ်သားတွေကို ခေါင်းဖြတ် သတ်ဖြတ်တာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးတွေကို မိုင်းထောင်ဖောက်ခွဲပြီး ဖျက်ဆီးတာတွေကို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် မော်လမြိုင်က စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်သူရဲ့ နေအိမ်ကိုလည်း သတိပေးစာကပ်ပြီး ဗုံးခွဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ပျူစောထီး အဖွဲ့တွေဟာ ပြည်သူတွေကို အဓိကထား တိုက်ခိုက်တာတွေ လုပ်ဆောင်လာတဲ့ အတွက်ကြောင့် သတိထားနေထိုင်ကြဖို့ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ လူငယ်တစ်ဦးက အခုလို တိုက်တွန်းပါတယ်။

“သူတို့ရဲ့ ပစ်မှတ်က ပြည်သူတွေ ဖြစ်တဲ့အတွက် ဥပမာ လပြည့်နေ့ တုန်းကဆိုရင် လူစည်နေတဲ့ ပုံနဲ့ဆိုရင် ဘယ်လောက်တောင် လှုပ်ရှားလို့ ကောင်းလိုက် မလည်းပေါ့။ ဒါကြောင့်မို့ လူစည်တဲ့ နေရာတွေကို သိပ်မသွားကြပါနဲ့ ဒီကောင်တွေက ပြည်သူတွေ ထိခိုက်အောင်ပဲ သူတို့လုပ်မှာ ဖြစ်ပါတယ်။ပြည်သူတွေ အနေနဲ့ အစစအရာရာ သတိထားကြပါ၊ နောက်ပြီး စည်းလုံးကြပါ၊ ကျွန်တော်တို့ စည်းလုံးမယ် ဆိုရင် ပျူစောထီ အဖွဲ့မပြောနဲ့ဗျာ စကစလို တပ်ကြီးတောင် ကျွန်တော်တို့ ပြိုလဲပျက်စီးအောင် ကျွန်တော်တို့ လုပ်နိုင်မှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ပျူစောထီးအဖွဲ့ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က ဖွဲ့စည်းပေးထားတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး၊ အဲဒီအဖွဲ့မှာတော့ စစ်တပ်ထောက်ခံသူတွေ၊ စစ်မှုထမ်းဟောင်းတွေနဲ့ ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေ ပါဝင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.