ထားဝယ်၊ အောက်တိုဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ရေဝိုင်းတောလမ်းတစ်နေရာမှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရပြီးနောက် တစ်ရက်အကြာမှာ လူငယ် ၂ ဦး သေဆုံးသွားတယ်လို့သိရပါတယ်။

သေဆုံးသွားသူ ၂ ဦးမှာ ထားဝယ်မြို့၊ ဥတ္တရံ ရပ်ကွက်နေ ကိုထက်ဝေနိုင် ၂၂ နှစ်နဲ့ကိုသန်းစိုးဦး ၂၃ နှစ် တို့ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ လူငယ် ၂ ဦးကို မည်သည့်အကြောင်းပြချက်နဲ့ဖမ်းဆီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သတ်ပစ်တဲ့အထိ လုပ်ဆောင်ခဲ့တာကို မသိရသေးဘူးလည်း မိသားစုနဲ့နီးစပ်သူများထံက သိရပါတယ်။

“သူတို့က လူငယ်သဘာဝအလျောက် လွတ်လွတ်လပ်လပ်နေတတ်သွားတတ်တာဘဲရှိတယ်။ တော်ယုံကိစ္စလည်း ဝင်ပါကြတာမဟုတ်ဘူး။ ဘာကြောင့်ဖမ်းခံရပြီး သေလောက်တဲ့အထိ သတ်ဖြတ်ခံရတယ်ဆိုတာကိုတော့ မပြောတတ်ဘူး။ အလောင်းကိုတော့ ထားဝယ်ဆေးရုံကနေ ပြန်လာယူခိုင်းနေတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။



အောက်တိုဘာလ ၂၃ ရက်နေ့ညနေပိုင်းကတည်းက နေအိမ်ကနေ ထွက်သွားတဲ့ ကိုထက်ဝေနိုင်နဲ့ကိုသန်းစိုးဦး ပျောက်ဆုံးနေခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့မှာ ထားဝယ်ပြည်သူဆေးရုံမှာ သေဆုံးသူလူငယ် ၂ ဦးအလောင်း ရောက်ရှိနေတာကြောင့် သွားရောက်ထုတ်ယူဖို့ မိသားစုထံကို လူမှုကူညီရေးအသင်းတစ်ခုက လာရောက်အကြောင်းကြားပေးခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးသူ လူငယ် ၂ ဦးမှာ သေနတ်ဒဏ်ရာတွေရရှိ သေဆုံးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.