သထုံ၊ အောက်တိုဘာ ၂၄

သထုံခရိုင်၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်အတွင်း KNLA တပ်မဟာ(၁)နဲ့စစ်ကောင်စီတပ်တွေနဲ့ နီးစပ်တဲ့ နေရာတွေမှာ စပါးစိုက်ပျိုးထားတဲ့ ဒေသခံတောင်သူတွေအနေနဲ့ ယခုနှစ် မိုးစပါးရိတ်သိမ်းဖို့ အခက်ခဲတွေရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လက်ရှိမှာ စပါးရိတ်သိမ်းချိန် နီးကပ်လာပေမယ့် KNLA တပ်မဟာ(၁)နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိပ်တိုက် တိုက်ပွဲတွေဖြစ်နေတာကြောင့် စပါးရိတ်သိမ်းချိန်မှာ တောင်သူတွေရဲ့ အသက်အန္တရာယ်ထိခိုက်မှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

“အရင်နှစ်တွေကတော့ ဒီဘက်ခြမ်းတွေမှာ အေးဆေးပါဘဲ။ စကစ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေက မကြာခဏဖြစ်နေတယ်။ မကြာတော့တဲ့အချိန်မှာလည်း မိုးစပါးတွေက ရိတ်ရတော့မယ်။ အချို့ရွာတွေမှာဆို လူတွေက စစ်ဘေးရှောင်နေရတာလည်းရှိနေတော့ ဒီအတိုင်းသာ တိုက်ပွဲတွေ ဆက်ဖြစ်နေရင် စပါးမရိတ်နိုငိဘဲ ဒီအတိုင်းပျက်စီးသွားတာကို ကြည့်နေရမယ့် အခြေနေရှိနေတယ်”လို့ သထုံ ဒေသခံ တောင်သူတစ်ဦးကပြောပါတယ်။



သထုံခရိုင်အတွင်းက ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တွေအတွင်းမှာ မိုးစပါး စိုက်ဧက ၃ သိန်းကျော်စိုက်ပျိုးပြီး KNLA တပ်မဟာ(၁)နဲ့စစ်ကောင်စီတွေ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဝန်းကျင်တွေမှာ စိုက်ဧက ၇ သောင်းကျော်ခန့်ရှိတယ်လို့ သိရပါတယ်။

“ဒါကတော့ သူတို့ဘက်က နယ်မြေမကျူးကျော်လာရင် တိုက်ပွဲတွေ ဖြစ်ဖို့ မရှိပါဘူး။ ခုဖြစ်နေရတာကလည်း စကစ ဘက်က နယ်မြေကျော်လာလို့ဖြစ်နေရတာပါ။ သူတို့ဘက်က စစ်ရေးလှုပ်ရှားမှု မရှိရင်တော့ အေးဆေးဘဲ ဖြစ်မှာပါ”လို့ KNLA တပ်မဟာ(၁)မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ဖေဖေါ်ဝါရီ ၁ ရက်နေ့ အောက်တိုဘာလ ၂၂ ရက်နေ့ထိ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တွေမှာ KNLA တပ်မဟာ(၁)နဲ့စစ်ကောင်စီတပ်တို့ တိုက်ပွဲအကြိမ်ရေ ၃၀ ခန့်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေနေတွေကြောင့် အချို့သော ဒေသခံတွေမှာ နေအိမ်မပြန်ရသေးဘဲ စစ်ဘေးရှောင်နေရတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.