photo - credits

မော်လမြိုင် ၊ အောက်တိုဘာ (၂၃)

ဒေါ်လာဈေးနဲ့ ဘတ်ဈေးနှုန်း ပြန်လည် ကျဆင်းလာပေမယ့် ထက်ဝက်ကျော် မြင့်တက်နေတဲ့  စားသုံးဆီဈေးနှုန်းတွေ မကျသေးဘူးလို့ စားသုံးဆီရောင်းဝယ်သူတွေက ပြောပါတယ်။

စားသုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် သယ်ယူပို့ဆောင်ရေးစရိတ် ပိုမိုကုန်ကျလာတာ၊ မြန်မာ ငွေကြေးတန်ဖိုး ကျဆင်းလာမှုနဲ့အတူ ပြည်ပကနေ တင်သွင်းနေရတဲ့ စားသုံးဆီဈေးနှုန်းမှာလည်း ထက်ဝက်ကျော်  မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ်ရဲ့ စားသုံးဆီဈေးကွက်မှာတော့ ၁၀ ပိဿာ တစ်ပုံးကို ကျပ် ၂၆၀၀၀ ကနေ ၅၂၀၀၀ လောက်ထိ ပေါက်ဈေးရှိနေတယ်လို့ ရောင်းချနေသူတွေက ပြောပါတယ်။

“အရင်ကထက်တော့ ဈေးများ နေသေးတယ်၊ အရင်တုန်းကဆို ဆီ(၁၀)ပိသာ တစ်ပုံကို (၂)သောင်းကျော် (၃)သောင်းကျော်ပေါ့၊ အခုက(၅)သောင်း (၁)ထောင် ဖြစ်နေတယ်၊ ဆင်းရဲသားတွေ အတွက်တော့ ပိုပြီး ဒုက္ခရောက်မှာပေါ့၊ ဘာဖြစ်လို့ဆို တစ်နေ့လုပ် တစ်နေစား သမားတွေ မရှိမဖြစ် ဝယ်စားနေရမယ်ဆိုရင် အရင်က တစ်ပုလင်း ဝယ်ရင် တစ်လီတာ ဝယ်ရင် အခုက လီတာတစ်ဝက်ပဲ ဝယ်ရတော့မယ်၊ ဒီပိုက်ဆံနဲ့ အဲ့လိုမျိုးနဲ့ ကြာလေ ဒုက္ခဖြစ်လေပဲပေါ့”လို့ စားသုံးဆီ ရောင်းဝယ်လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။

စားသုံးဆီးဈေးနှုန်း အတက်အကျဟာ ဒေါ်လာနဲ့ဘတ်ဈေးနှုန်းအပေါ် မူတည်နေသလို တဖက်မှာတော့ စာသုံးဆီ တင်သွင်းသူတွေရဲ့ ဈေးကွက်အပေါ် လွှမ်းမိုးချုပ်ကိုင်မှုနဲ့ သက်ဆိုင်နေတယ်လို့ ရောင်းဝယ်သူတွေက ဆိုပါတယ်။

 မွန်ပြည်နယ်မှာတော့ စားသုံးဆီကို ထိုင်းနိုင်ငံက အဓိက တင်သွင်း ရောင်းချ တာဖြစ်ပြီး ပြည်တွင်းထွက် စားသုံးဆီကိုတော့ ဝယ်ယူသုံးစွဲမှု နည်းပါးပါတယ်။

စားသုံးဆီဈေးနှုန်း ဆက်လက်မြင့်တက်နေမှုကို ထိန်းချုပ်ဖို့  အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ပြည်သူတွေအနေနဲ့ စားသုံးဆီ သုံးစွဲမှု လျော့ချကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.