မော်လမြိုင် ၊ အောက်တိုဘာ (၂၁)

မွန်ပြည်နယ်အတွင်းမှာ ဗဟိုအကျဉ်းထောင်၊ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ ကုန်ထုတ်စခန်းပေါင်း ၁၀ ခုရှိပြီး အဲဒီထဲမှာတော့ အကျဉ်းသူ၊အကျဉ်းသားနဲ့ အချုပ်သူ၊အချုပ်သား ၃၀၀၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။

အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံရသူတွေနဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေဟာ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ မရကြသလို သောက်ရေကအစ အခက်အခဲရှိနေတယ်လို့ ပြန်လည် လွတ်မြောက်လာသူ တစ်ဦးက ပြောပါတယ်။

“ ကျွန်တော်တို့ ဆေးကုသမှု အခွင့်အရေး အပြည့်အဝ မရခဲ့ကြဘူး။ ဒီအတွက် တင်ပြခဲ့ပေးမယ့်လည်း သူတို့ဘက်က မလုပ်ပေးခဲ့တာတွေ ရှိတယ်။ ဆေးတွေပေးတယ်ဆိုတာကလည်း ဟန်ပြပဲ ။ ကိုဗစ်အတွက် ဆေးပေးတယ်ဆိုတာကလည်း စီဗစ် ( cevit) တစ်လုံးပဲပေးတာ ။ ပန်းနာရင်ကျပ်သမား ရောဂါဖောက်လို့ ဆေးကုပေးဖို့ပြောတာ (၂)နာရီလောက်ကြာအောင် ဘာမှမလုပ်ပေးလို့ ထောင်ဆူတဲ့ ပုံစံမျိုး ကျွန်တော်တို့ လုပ်ခဲ့ရတယ်” လို့ ကျိုက်မရောအကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာသူ တစ်ဦးက ပြောပါတယ်။



အကျဉ်းထောင်တွေထဲမှာ ကျန်းမာရေး စောင့်ရှောက်မှုရဖို့အတွက် ထောင်အတွင်း ဆူပူမှုတွေ လုပ်ဆောင်ခဲ့ရသလို ထောင်ထဲမှာလည်း လုံလောက်တဲ့ ဆေးဝါးတွေ မရှိနေဘူးလို့ ပြန်လည် လွတ်မြောက်လာသူတွေက ဆိုပါတယ်။

ဒါ့အပြင် အကျဉ်းထောင်ထဲမှာ ကိုဗစ်ကူးစက်ခံရရင် ကုသဖို့ Cevit ဆေးတစ်လုံးစီသာ ရတာကြောင့် ရောဂါ ကုသဖို့ ကိုယ်နည်းကိုယ်ဟန်နဲ့ စီစဉ်ကြရတယ်လို့ ပြောပါတယ်။

မွန်ပြည်နယ် အကျဉ်းဦးစီးဌာနကတော့ အကျဉ်းသူ၊အကျဉ်းသားတွေကို ကျန်းမာရေး အပြည့်အဝ စောင့်ရှောက်မှု ပေးနိုင်ဖို့အတွက် ပြင်ဆင်ထားသလို လိုအပ်မယ့် ဆေးဝါးတွေကိုလည်း စုဆောင်းထားတယ်လို့ ချေပ ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.