မော်လမြိုင် ၊ အောက်တိုဘာ (၂၁)

လူမှုကွန်ယက် Facebook စာမျက်နှာမှာ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေကို Non CDM ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေပါ ထပ်ဆင့်မျှဝေပေးကြဖို့ စစ်ကောင်စီဘက်က စည်းရုံးခိုင်းနေတယ်လို့ ရုံးတက်နေတဲ့ ဝန်ထမ်းတွေက ပြောပါတယ်။

အာဏသိမ်း စစ်ကောင်စီဟာ Non CDM နိုင်ငံဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေကို သူတို့ ဖော်ပြနေတဲ့ ဝါဒဖြန့်သတင်းတွေအား ထပ်ဆင့်မျှဝေတာ၊ ကူးယူဖော်ပြတာနဲ့ စစ်အုပ်စုကို ထောက်ခံတဲ့ အကြုံပြုချက်တွေ ရေးသားဖော်ပြမှုတွေမှာ ပါဝင်ပေးဖို့ ဝန်ထမ်းတွေကနေ တဆင့် ပြောဆိုစည်းရုံးခိုင်းနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီက သူတိုရဲ့ ဝါဒဖြန့်သတင်းကို မိသားစုဝင်တွေအား ထပ်ဆင့်မျှဝေတာတွေ လုပ်ဖို့ စည်းရုံးခိုင်းနေပြီး မဖြစ်မနေလုပ်ကြဖို့တော့ ညွှန်ကြားထားတာ မရှိဘူးလို့ ရုံးတက်နေတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။



” စစ်ကောင်စီက လုပ်နေတဲ့အကြောင်းအရာတွေကို မျှဝေဖို့၊ ဖော်ပြဖို့၊ ကောင်းတဲ့ အကြုံပြုချက်တွေရေးဖို့ရယ်၊ နောက်ပြီး NUG အစိုးရရဲ့ လုပ်ဆောင်မှုတွေဆိုရင် ပြည်သူတွေ ဒုက္ခရောက်အောင် အကြမ်းဖက်လုပ်ဆောင်နေတဲ့အဖွဲ့တွေကို ရှုတ်ချကြောင်း၊ ဒီအဖွဲ့တွေကြောင့် ပြည်သူတွေ ဒုက္ခရောက်နေကြပြီး သတင်းအမှားတွေ ဖြန့်နေတယ်ပေါ့၊ အဲဒီတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့နဲ့ ပတ်သက်တဲ့ သူငယ်ချင်းအပေါင်းအသင်းတွေ မိသားစုဝင်တွေရဲ့ Facebook စာမျက်နှာကနေတဆင့် ရေးသားဖော်ပြအကြုံပြုချက်ရေးကြဖို့ ပူးပေါင်းလုပ်ဆောင်ဖို့ကို ပြောတာပေါ့” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ NUG အစိုးရနဲ့ ဆက်စပ်အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေဟာ အကြမ်းဖက် လုပ်ရပ်တွေသာဖြစ်ကြောင်း နေ့စဉ်ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ နေ့စဉ်ဖြန့်ဝေတဲ့ ဝါဒဖြန့်သတင်းတွေကိုတော့ Non CDM ဝန်ထမ်းတွေအနေနဲ့ ထပ်ဆင့်မျှဝေတာတွေ လုပ်ကြဖို့ ညွှန်ကြားထားပြီး အခုအခါမှာတော့ ဝန်ထမ်းမိသားစုဝင်တွေပါ ပါဝင်ဖို့ စည်းရုံးလာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.