မော်လမြိုင် ၊ အောက်တိုဘာ(၂၁)

မွန်ပြည်နယ်မှာတော့ ကိုဗစ်အတည်ပြုလူနာ တွေ့ရှိမှုနှုန်း သိသိသာသာကျဆင်းလာပေမယ့် ချောင်းမြို့နယ်မှာတော့ ကိုဗစ်အတည်ပြုလူနာ နေ့စဉ်နဲ့အမျှ တွေ့ရှိနေဆဲ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကိုဗစ်လူနာတွေ့ရှိမှုအရ မွန်ပြည်နယ် တစ်ခုလုံးမှာ အောက်တိုဘာ ၁ ရက်နေ့မှ ၂၀ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၈၀၀ ကျော် တွေ့ရှိခဲ့ပြီး ချောင်းဆုံမြို့နယ် တစ်ခုတည်းမှာပဲ ကိုဗစ်အတည်ပြုလူနာ ၃၄၀ ကျော်ထိ ရောဂါပိုး ကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ချောင်းဆုံမြို့နယ် ကျန်းမာရေးဌာနကတော့ ပြည်သူတွေကို ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာနေလို့ ရောဂါကူးစက်မှုတွေ ရှိနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။



“ချောင်းဆုံမြို့နယ်က Stay at Home မြို့နယ်လို့သာပြောတာ။ ဆိုင်ထိုင်ရောင်းချခွင့်မရှိဘူးလို့သာပြောတာ။ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊ ကွမ်းယာဆိုင်တွေက အစအကုန်ဖွင့်နေတယ်။ မုန့်ဟင်းခါးဆိုင်တွေကအစ ဆိုင်ထိုင်ရောင်းချနေတာတွေတွေ့ရပါတယ်။ တစ်ဖက်က ကျွန်တော်တို့က Positive လူတွေကို လိုက်ဖေါ်ထုတ်နေပေမယ့်၊ ကာကွယ်ဆေးတွေထိုးပေးနေပေမယ့်လည်း တစ်ဖက်မှာ Stay at Home မြို့နယ်အဖြစ်နဲ့အညီ လိုက်နာဆောင်ရွက်မှုတွေ အားနည်းနေတာတွေ တွေ့ရပါတယ်” လို့ချောင်းဆုံမြို့နယ် ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

ဒါကြောင့် ကိုဗစ်ရောဂါကူးစက်မှု ကျဆင်းဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့ နေအိမ်အတွင်း နေထိုင်ကြဖို့ဆိုတဲ့ စည်းကမ်းချက်ကို မဖြစ်မနေ လိုက်နာဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ အခုလအတွင်း ကိုဗစ်အတည်ပြုလူနာ ၄၄ ဦး သေဆုံးထားပြီး အဲဒီထဲမှာတော့ ချောင်းဆုံမြို့နယ်က ကိုဗစ်အတည်ပြုလူနာ ၁၆ ဦးထိ အများဆုံး သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.