မော်လမြိုင်၊ အောက်တိုဘာ ၂၀

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဗုံးတွေ့ပြီးနောက် စစ်ကောင်စီတပ်တွေက မြို့တွင်းထဲသာမက မြို့အ၀င်အထွက်နေရာတွေမှာ ပိတ်ဆို့စစ်ဆေးပြီး ရှာဖွေစစ်မှုတွ ပိုမိုလုပ်ဆောင်လာခဲ့တယ်လို့ မြို့ခံတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဘားအံမြို့ ကား၀င်းကြီးဟောင်းရှေ့မှာ မနေ့ အောက်တိုဘာ ၁၉ ရက်က ဗုံးတစ်လုံးတွေ့ရှိခဲ့ပြီး‌နောက် စစ်ကောင်စီရဲတပ်ဖွဲ့တွေက ဗုံးရှာဖွေရေးကိရိယာတွေနဲ့ လာရောက်ရှာဖွေစစ်ဆေးကာ အနီးအနားမှာရှိတဲ့ ပြည်သူတွေကို ရှာဖွေစစ်ဆေးနေတာတွေ လုပ်ဆောင်ခဲ့တာပါ။

ဒါ့အပြင် ဗုံးတွေ့ရှိတဲ့ ဗိုလ်ချုပ်လမ်းမပေါ်မှာ သွားလာနေတဲ့ ပြည်သူတွေရဲ့ ကား ဆိုင်ကယ်တွေကိုလည်း ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။



အဲ့ဒီနေ့ညပိုင်းမှာ ဘားအံမြို့ အမှတ် ၉ ရတနာဒီပရပ်ကွက် ကြာအင်းလမ်းဆုံဘက်မှာ ဗုံးလန့်မှုတစ်ခုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေက လမ်းပိတ်ဆို့လိုက်ကာ လာသမျှ ဆိုင်ကယ် ကားတွေကို နောက်ပြန်လှည့်ခိုင်းခဲ့တယ်လို့ မြို့ခံတစ်ဦးထံကနေ သိရပါတယ်။

ဗုံးတွေ့ရှိမှုနဲ့ ပတ်သက်ပြီး လူ့တချို့ကို ဘားအံမြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆးထားတယ်လို့ သိရပေမယ့် သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဗုံးတွေ့ရှိတဲ့ အနီးအနားက ဆိုင်တစ်ဆိုင်ရဲ့ စီတီဗီတစ်ခုကနေ စစ်ကောင်စီကရယူပြီး အဲ့ဒီစီစီတီဗီကနေတစ်ဆင့် ဗုံးလာရောက်ထောင်သူတွေကို စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပါတယ်။

ဘားအံမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့က စစ်ကောင်စီရဲ့ တပ်မ ၂၂ ဌာနချုပ်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးတာဖြစ်ပြီး အဲ့ဒီပေါက်ကွဲမှုဖြစ်စဉ်နဲ့ လူ့အချို့ကို ဖမ်းဆီးခေါ်ဆောင်ထားသေးတာ ဖြစ်ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.