နေပြည်တော်၊ အောက်တိုဘာ ၁၆
မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံညီလာခံသို့ ပေးမတက်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးက ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအပေါ်ဖိအားပေးခြင်းဖြင့် အာဆီယံအနေဖြင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း တုန့်ပြန်လိုက်ပါတယ်။
အာဆီယံအနေဖြင့် အာဆီယံအစည်းအဝေးများ တက်ရောက်ရေးကိစ္စအပါအဝင် ကိုယ်စားပြုမှုဆိုင်ရာကိစ္စများနှင့် တူညီဆန္ဒမရှိဘဲဆောင်ရွက်ခဲ့မှုများသည် အာဆီယံ၏ ပဋိညာဉ်စာတမ်းနှင့် အခြေခံမူများတွင် ပြဌာန်းထားမှုမရှိခြင်း၊ အာဆီယံ၏ ရည်ရွယ်ချက်တို့နှင့် ဆန့်ကျင်ကြောင်းတွေ့ရသဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းကတော့ အာဆီယံ အနေနဲ့ အားနည်းချက် (၂)ခုပြုလုပ်ခဲ့တာဖြစ်ပြီး အာဆီယံရဲ့ အများသဘောတူ ဆောင်ရွက်ချက်ဆိုတာကို လိုသလိုအဓိပ္ပါယ်ဖွင့်တယ်ဆိုတဲ့အားနည်းချက်ရယ် အခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒအားနည်းတယ်လို့လို့ ဘီဘီစီနဲ့ အင်တာဗျူးမှာ ဝေဖန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ဧပြီလက ဂျာကတာမှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေးအာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့တာနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်အုပ်စုရဲ့ သတင်းစာအာဘော် တွေမှာ ဝေဝေဆာဆာဖော်ပြခဲ့ပါသေးတယ်။
မြန်မာအနေနဲ့ အာဆီယံမှာ အများသဘောညီဆုံးဖြတ်ထားတဲ့ အချက် (၅)ချက်ကို မလိုက်နာခဲ့ပြီး မြန်မာနိုင်ငံရဲ့ တာဝန်မယူမှုအပေါ် စိုးရိမ်မကင်းဖြစ်ခဲ့ကြတယ်လို့ အာဆီယံအလှည့်ကျဥက္ကဌ ဘရူနိုင်နိုင်ငံက ထုတ်ပြန်လိုက်တဲ့ ကြေငြာချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
မြန်မာစစ်ခေါင်းဆောင်အနေနဲ့ လာမယ့် ၃၈ ကြိမ်မြောက်နဲ့ ၃၉ ကြိမ်မြောက် အာဆီယံအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ နိုင်ငံရေးရာထူးမဟုတ်တဲ့ ပုဂ္ဂိုလ်ကိုပဲဖိတ်ကြားသွားမယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓါတ်ပုံ – အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအွန်လိုင်းအစည်းအဝေးဓါတ်ပုံမှတ်တမ်း (စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဓါတ်ပုံမှတ်တမ်း)