သထုံ၊ အောက်တိုဘာ ၁၆

ကျိုက်ထိုမြို့နယ်နဲ့ဘီးလင်းမြို့နယ်မှာ အောက်တိုဘာလ ၁၅ ရက်နေ့က စစ်ကောင်စီတပ်တွေကို KNLA တပ်မ(၁)ဘက်မှ တိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

ယမန်နေ့ မနက်အစောပိုင်းက ဘီးလင်းမြို့နယ်၊ မြစ်ကျိုးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့BGF ပူးပေါင်းတပ်ဖွဲ့ကို KNLA တပ်မဟာ(၁)ဘက်မှ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

KNLA ဘက်မှ ပစ်ခတ်တာကြောင့် စစ်ကောင်စီနဲ့BGFပူးပေါင်းတပ်က တပ်သား ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ညနေ ၅ နာရီကျော်ခန့်မှာ ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာအနီး စစ်ကောင်စီတပ်စခန်းရှိရာ နေရာနားမှာလည်း KNLA ဘက်မှ ထပ်မံမိုင်းထောင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မိုင်းထိတာကြောင့် စစ်ကောင်စီကားတစ်စီးပျက်စီးပြီး ကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“မြေပြင်သတင်းပေးဖို့ချက်အရတော့ ကျိုက်ထိုနဲ့ဘီးလင်းက သတင်းဖြစ်စဉ်တွေကတော့ ဟုတ်တယ်။ မြစ်ကျိုးမှာက BGF က ဒဏ်ရာရတယ်လို့ သိရတယ်။ ကျိုက်ထိုကတော့ ခလရ(၂)တပ်ကလို့တော့ သိရတယ်။ အဲဒီကဖြစ်စဉ်လဲ ဟုတ်တယ်။”လို့ KNLA တပ်မဟာ(၁) ဘက်က တာဝန်ရှိသူတစ်ဦးက အတည်ပြု
ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ကျိုက်ထိုနဲ့ဘီးလင်းမြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်တွေနဲ့KNLA တပ်မဟာ(၁)တို့ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.