မော်လမြိုင်၊ အောက်တိုဘာ ၁၅
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ရှေ့နေ ဦးခင်မောင်ဇော်ကို အာဏာသိမ်း စစ်ကောင်စီက အမှုကိစ္စပြောဆိုခွင့် ပိတ်ပင်လိုက်ပါတယ်။
တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်ကို သတင်းဌာနတွေ အပါအဝင် ပြည်တွင်းပြည်ပ၊နိုင်ငံတကာအဖွဲ့အစည်းတွေကို အတိုင်ပင်ခံတို့ရဲ့ ရုံးထုတ်စစ်ဆေးမှု အခြေအနေတွေကို ပြောဆိုခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
အမှုကိစ္စပြောဆိုမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ပျဉ်းမနားမြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့က အောက်တိုဘာ ၁၄ရက် ညနေပိုင်းမှာ ရှေ့နေ ဦးခင်မောင်ဇော်ကို လာရောက် ခေါ်ဆောင်သွားပြီးနောက် အချက် ၈ ချက် ပါတဲ့ တားမြစ်အမိန့်ကို ဖတ်ပြခဲ့တယ်လို့ ဆိုပါတယ်။
“ရှေနေ့ဦခင်မောင်ဇော်ဟာ အမှန်တရားတွေ ပြောနေသမျှ ဘယ်ဥပဒေကိုမှ ချိုးဖောက်ရာ မရောက်လို့ သူရဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို ကျင့်သုံးနေတာဖြစ်လို့၊ ပျဉ်းမနားထွေအုပ်ရဲ့ စာဟာ unconstitutional ဖြစ်ကြောင်းနဲ့ တပ်ချုပ်ရဲ့ မိန့်ခွန်းအချို့နဲ့ ဆန့်ကျင်လို့ ပြန်လည် ရုပ်သိမ်းဖို့ လိုအပ်တယ်”လို့ ရန်ကုန်စောင့်ကြည့်အဖွဲ့ ထူထောင်သူ ၊ ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက မှတ်ချက်ပြုပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတချို့ကိုလည်း စစ်ကောင်စီက အခုလိုပဲ အမှုကိစ္စပြောဆိုခွင့် ပိတ်ပင်ထားတား ဖြစ်ပါတယ်။
အခုလို ရှေ့နေတွေကို အမှုကိစ္စပြောဆိုခွင့် ပိတ်ပင်တာဟာ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကအစ သိခွင့်မရတော့မယ့် အခြေအနေ ဖြစ်ပါတယ်။
သတင်း- သံလွင်တိုင်းမ်